close

လေးကေ့ကော်တွင် စစ်တပ်က အင်အားတိုးလှုပ်ရှားလာသဖြင့် တိုက်ပွဲပြင်းထန်နေ

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေ့ကေ့ကော်ဒေသကို သေ့ဘောဘိုး-ဝေါလေ ဒေသဘက်ကို လူအင်အားတိုး လှုပ်ရှားလာတဲ့အတွက် ရသေ့ဂူအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လေးကေ့ကော်ဒေသခံတဦးက “မနေ့တည်းက ဖလူးကို စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက် ဝင်ရောက်လာတယ်။ အခု လေးကေ့ကော် ရသေ့ဂူနားမှာ တိုက်ပွဲဖြစ်နေတယ်။ အခုထိ ဖြစ်နေတုန်း” လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကစတင်ပြီး အထက် ဝေါလေ-သေ့ဘောဘိုး စစ်ကောင်စီစခန်းတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကေအန်ယူ သတင်းရင်းမြစ်က သိရပါတယ်။

မတ် ၂၃ ရက်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ ကား ၁၀ စီးနဲ့ ရောက်ရှိလာပြီး ကဆောဝါးလေး တောင်ကြောလမ်းကနေ ဝေါလေဘက် ကနဲလေးဘက်ကို တက်ဖို့ လုပ်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီး ဘားအံမြို့ပေါ်ကနေ ဖြတ်သန်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါ တိုက်ပွဲကြောင့် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံ ၁၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး နေထိုင်ရေး၊ စားသောက်စရာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up