မလေးရှားသို့သွားမည့် မြန်မာ ၆၀ ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းဘက်တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၆၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ် ၂၅ ရက်ညပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဟက်ရိုင်ဒေသထဲက ရီဆော့ထ်တခုမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဖမ်းမိသူအယောက် ၆၀ ကျော်ထဲမှာတော့ အမျိုးသမီး ၃၂ ယောက်နဲ့ အမျိုးသား ၂၉ ယောက်ပါဝင်ပြီး အများစုကတော့ အသက် ၉ နှစ်ကနေ ၁၇ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့အုပ်စုဟာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲကို တောလမ်းက ဝင်ရောက်လာခဲ့ကြပြီး အဲဒီကနေတဆင့် ပစ်ကပ်ကား ၃ စီးနဲ့ ဟက်ရိုင်ကို လာ ရောက်ခဲ့ကြတာလို့ ပြောပါတယ်။
သူတို့နဲ့အတူ ယာဉ်မောင်းတွေထဲက တယောက်ဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသားတယောက်ကိုလည်း ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံဘက်မှာ ပွဲစားခ ဘတ် ၁ သိန်းခွဲစီ ပေးခဲ့ကြရပြီး မလေးရှားနယ်စပ်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ထဲက အများစုရဲ့ မိဘတွေကတော့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတယ်လို့ ရဲတွေကို ပြောပါတယ်။
သူတို့ကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ ရောဂါပိုးမတွေ့ရှိခဲ့ရပဲ လက်ရှိမှာတော့ ဥပဒေအရ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ရဲတွေက ပြောပါတယ်။