ငါးခိုးဖမ်းသည့် သီရိလင်္ကာ ၇ ဦးနှင့် မူးယစ်တရားခံ မလေးရှား ၁ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

မြန်မာနိုင်ငံ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ သီရိလင်္ကာ ငါးဖမ်းသမား ၇ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနဲ့ သီရိလင်္ကာ နှစ်နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေးအရ လူသားချင်းစာနာတဲ့အနေနဲ့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံနေရတဲ့ သီရိလင်္ကာ ငါးဖမ်းသမား ၇ ဦး ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
“Thushan Putha” အမည်ရှိ သီရိလင်္ကာ ငါးဖမ်းသင်္ဘောဟာ သီရိလင်္ကာငါးဖမ်းသမား ၇ ဦးနဲ့အတူ မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
သင်္ဘောကပ္ပတိန်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး အဖွဲ့သားတွေကိုတော့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးရဲ့အကူအညီနဲ့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သီရိလင်္ကာငါးဖမ်းသမားတွေအတွက် လိုအပ်တဲ့အကူအညီတွေကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
သီရိလင်္ကာငါးဖမ်းသမား ၇ ဦးကို လာမယ့် မတ်လ ၆ ရက်မှာ နေရပ်ကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အလားတူ မူးယစ်ဆေးဝါးမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့ မလေးရှားနိုင်ငံသား တယောက်ကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလုပ်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်က မြန်မာနိုင်ငံကို လေကြောင်းနဲ့ ရောက်လာတဲ့ မလေးရှားနိုင်ငံသား ဖာရစ်အဇ်မန် ဘင်ဇိုင်နူလ်အဇ်မန်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ် ကျခံနေရတာဖြစ်က နိုင်ငံအချင်းချင်း မိတ်မပျက်အောင်နဲ့ လူသားချင်းစာနာတဲ့အနေနဲ့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။