အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် သီရိလင်္ကာသမ္မတတို့ ကိုလံဘို၌ တွေ့ ဆုံ

သီရိလင်္ကာမြို့တော် ကိုလံဘိုကို ရောက်လာတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာနဲ့ မတ် ၂၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
စီးပွားရေးအခြေအနေတွေနဲ့ အိန္ဒိယရဲ့ ပံ့ပိုးတုံ့ပြန်မှုကို ဆွေးနွေးခဲ့တယ်လို့ ဂျိုင်ရှန်ကာက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
သီရိလင်္ကာဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းအတွင်း မရှိမဖြစ် ကုန်စည်တွေကို တင်သွင်းဖို့ အိန္ဒိယအစိုးရဆီက နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ချေးယူဖို့ ကြိုးစားနေတာလို့ သတင်းရင်းမြစ်နှစ်ရပ်က တနင်္လာနေ့မှာ ပြောပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ၂၀၂၀ ဇန်နဝါရီကတည်းက ခုထိ နိုင်ငံခြားအရန် ရန်ပုံငွေ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းအပြီး စားနပ်ရိက္ခာနဲ့ လောင်စာလို မရှိမဖြစ် ကုန်စည်တွေအတွက် ငွေပေးချေဖို့ ရုန်းကန်နေရတာပါ။
ငွေတန်ဖိုး ကျဆင်းပြီး ကမ္ဘာ့ငွေချေးသူတွေဆီက အကူအညီရဖို့ ကြိုးစားနေရပါတယ်။
ရာဂျာပတ်စာဟာ ကယ်ဆယ်ရေး အစီအစဉ်အတွက် လာမယ့်လမှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နဲ့ စတင်ဆွေးနွေးဖို့ အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီကို သွားဖို့ ရှိနေပါတယ်။