close

၁၀ တန်းစာမေးပွဲများ စတင်ဖြေဆို၊ စာသင်ကျောင်းများအနီး လုံခြုံရေးတင်းကျပ်ချထား

စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ၂၀၂၁-၂၂ ခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၃၁ ရက် ဒီနေ့မနက်က မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ရဲနဲ့ စစ်သား လုံခြုံရေးတွေ တင်းကျပ်ချထားပြီး  စတင်ကျင်းပနေပါတယ်။

ဒီနှစ်မှာဖြေဆိုတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်ဖွင့်လှစ်ဖြေဆိုမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ကြေညာခဲ့ပေမဲ့ ရန်ကုန်မှာတော့ စာစစ်ဌာနအရေအတွက်က သိသိသာသာလျော့နည်းသွားပါတယ်။

ပုံမှန်ဖွင့်လှစ်နေကျဖြစ်တဲ့ စာစစ်ဌာနတွေက ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ကျောင်း ၁၀ ကျောင်းကို တစ်ကျောင်းတည်းပေါင်းပြီး စာစစ်ဌာနတစ်ခုအဖြစ်သာ ဖွင့်လှစ်ထားရပါတယ်။

အရင်က စာမေးပွဲဖြေတဲ့နေ့မှာ မီးသတ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေလောက်သာ လုံခြုံရေးရယူပေးခဲ့ရပေမဲ့ ဒီနှစ်မှာတော့ ရဲ၊ စစ်သား၊ယာဥ်ထိန်းရဲ ၊ စစ်တပ်ကခန့်ထားတဲ့ ရပ်ကျေးအဖွဲ့ အင်အားအများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားပါတယ်။

စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းအကြိုအပို့ကားတွေနဲ့ လိုက်လံစုစည်းပြီး စာစစ်ဌာနရှိရာကို ပို့ဆောင်ပေးနေရသလို ၊ကျောင်းရှေ့ အဝင်တံခါးမကြီးတွေ ကနေ မဝင်ရဘဲ  ကျောင်းအနောက်ပေါက်တွေကနေသာ ကျောင်းထဲကို ဝင်ကြရပါတယ်။

ကျောင်းသားကျောင်းသူ အများစုက ဒီနှစ် ၁၀ တန်းစာမေးပွဲကို ဝင်ရောက်မဖြေဆိုဘဲ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ခဲ့တာကြောင့် ဒီနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ သုံးသိန်းကျော်သာ ဝင်ရောက်ဖြေဆိုကြပါတယ်။

ရန်ကုန်တိုင်းအနေနဲ့ကတော့ ကျောင်းသူ ကျောင်းသား ၃၇၀၀၀ လောက်သာ ဝင်ရောက်ဖြေဆိုကြတယ်လို့ စစ်ကောင်စီရဲ့ပညာရေးဌာနကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြေဆိုမယ့်သူအများဆုံးရှိနေပြီး စစ်ကောင်စီလက်အောက်ခံဌာနတွေက စာရင်းတွေအရ ဖြေဖို့စာရင်းပေးထားသူဦးရေ ၄၅၀၀၀ ကျော်ရှိပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဒုတိယအများဆုံး စာရင်းသွင်းထားပြီး ကျောင်းသား ၄၀၀၀၀ ကျော်ရှိပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာတော့ အယောက် ၇၈၀ ပဲရှိပြီး တနိုင်ငံလုံးမှာတော့ ၃၁၀၀၀၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်တပ်ကအာဏာသိမ်းတာနဲ့ ကိုဗစ်ကြောင့် စာမေးပွဲတွေ မရှိခဲ့ဘဲ အဲဒီမတိုင်ခင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ၊ အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ဖြေဆိုသူ ၉၁၀၀၀၀ ကျော်ရှိခဲ့တာပါ။

အခု စာမေးပွဲကို မြို့နယ် ၃၂၁ မြို့နယ်၊ စာစစ်ဌာန ၁၂၅၆ ခုမှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲတွေကို နိုင်ငံတဝန်း စာစစ်ဌာနတွေမှာ မတ်လ ၃၁ ရက် ဒီနေ့ကနေ ဧပြီ ၉ ရက်အထိ၊ မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ကျင်းပတာဖြစ်ပါတယ်။

Photo-နေပြည်တော်ကောင်စီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up