ထိုင်းမင်္ဂလာဆောင်တွင် ဘတ်ငွေ ၁ သန်းပျောက်ဆုံးမှု ဖြစ်ရပ်မှန်ပေါ်ပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်မြို့က မင်္ဂလာပွဲတစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတို့သမီး တင်တောင်းငွေ ဘတ် ၁ သန်းပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်စုံစမ်း သိရှိရပြီလို့ ကမ်ဖိုင်ဖစ်ရဲစခန်းက ပြောပါတယ်။
အဆိုပါငွေ ၁ သန်းကို ဘယ်သူကမှခိုးယူတာမဟုတ်ဘဲ သတို့သမီးနဲ့ သတို့သားတို့ကိုယ်တိုင် သိမ်းဆည်းထားခြင်းသာဖြစ်ကြောင်း ၊ ဒါပေမဲ့ အဲဒီငွေဟာ သတို့သားရဲ့ကိုယ်ပိုင်ငွေမဟုတ်ဘဲ မင်္ဂလာပွဲတင့်တယ်စေဖို့ ဝန်ဆောင်မှုလုပ်ငန်းကနေ ငှါးရမ်းထားတဲ့ ငွေထုပ်သာဖြစ်ပြီး အခမ်းအနားပြီးတော့ ပြန်အပ်လိုက်ရတဲ့သဘောသာ ဖြစ်တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဒုရဲမှူးကြီး ဧကနုတ် ကျန်ထဆွန်က သတင်းထောက်တွေကို ပြောပါတယ်။
ငွေထုပ်ပျောက်တယ်လို့ သတို့သမီး မိခင်က ဓာတ်ပုံဆရာကို မသင်္ကာတဲ့ပုံစံနဲ့ အော်ငေါက်စဉ် အနီးနားမှာ သတို့သားနဲ့ သတို့သမီးလည်းရှိနေကြောင်း ဒါပေမဲ့ သူတို့က ငွေထုပ်ငှါးလာတဲ့ အကြောင်း မိဘကို မသိစေချင်လို့ ရေငုံနှုတ်ပိတ်နေတာဖြစ်ပြီး နောက်ဆုံးသတင်းက ဟိုးလေးတကြော်ဖြစ်သွားတော့မှာ ဖြစ်ရပ်မှန်ကို ဖွင့်ဟဝန်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒီအကြောင်းကို သတို့သမီးနဲ့ သတို့သားက ရဲစခန်းကို ဖုန်းနဲ့သာ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ၊ ရဲစခန်းကတော့ လူကိုယ်တိုင်လာရောက် ဖြောင့်ချက်ပေးဖို့ ချိန်းဆိုထားပေမယ့် နှစ်ယောက်လုံး ကမ္ဘောဒီးယားနယ်စပ်မှာရောက်နေလို့ မလာနိုင်ကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တာဝန်ရှိသူက ခေါ်ရင် ဘယ်မှာပဲနေနေအရောက်လာရမှာဖြစ်ကြောင်း ၊ သတ်မှတ်ထားတဲ့အချိန်ထက်ကျော်လွန်ပြီး ရောက်မလာရင်တော့ ဝရမ်းထုတ်ရမှာဖြစ်တယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
ငွေထုပ်ခိုးတယ်လို့ စွပ်စွဲခံရသူ ဓာတ်ပုံဆရာကတော့ သူတို့ကိုပြန်ပြီး အသရေဖျက်မှုနဲ့ တရားစွဲတာတွေပြုလုပ်မှာမဟုတ်ဘဲ ဖြစ်ရပ်မှန်ပေါ်ပေါက်လို့ ဝမ်းသာကြောင်း၊ သူ့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ သံသယတွေကြား အနေခက်တဲ့ဘဝကလွတ်မြောက်ရင် ကျေနပ်ပြီလို့ သတင်းထောက်တွေကို ပြောပါတယ် ။
Amarin TV သတင်းမှာတော့ အဆိုပါမင်္ဂလာစုံတွဲဟာ ယောက်ျားရှာနဲ့ မိန်းကလေးတို့ လက်ထပ်တဲ့ပွဲလည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။