ယူကရိန်းတွင် ရုရှားစစ်သားများ အမိန့်လိုက်နာရန် ငြင်းဆန်ကြောင်း ဗြိတိန်ထောက်လှမ်းရေးပြော

ဗြိတိန်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့ GCHQ ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ယူကရိန်းရှိ ရုရှားစစ်သား တချို့ဟာ အမိန့်လိုက်နာဖို့ ငြင်းဆန်မှု၊ သူ့တို့လက်နက်တွေကို ဖောက်ခွဲမှု၊ ကိုယ်ပိုင်လေယာဉ်တစင်းကို ပစ်ချမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
GCHQ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဂျရမီ ဖလဲမင်းက သမ္မပူတင်ဟာ တချိန်က အင်အားအလွန်ကြီးမားခဲ့တဲ့ ရုရှားစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို အကြီးအကျယ်မှားယွင်းစွာ ဆုံးဖြတ်ခဲ့ပြီး၊ ယူကရိန်းပြည်သူတွေရဲ့ ခုခံမှုနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှု နှစ်ခုလုံးကို လျှော့တွက်ခဲ့တယ်လို့ ပြောပါတယ်။
ထောက်လှမ်းရေး တွေ့ရှိချက်အသစ်တွေအရ ရုရှားစစ်သားတွေဟာ စိတ်ဓာတ်ပျက်ပြားနေပြီး လက်နက်တပ်ဆင်မှုလည်း ဆိုးရွားနေတာပါ။
GCHQ လို့ အတိုခေါ်တဲ့ Government Communication Headquarters ဟာ ကမ္ဘာတလွှားမှ ဆက်သွယ်ရေးလုပ်ငန်းတွေကို စုစည်းထားပြီး ဗြိတိန်ကို အန္တရာယ်ပြုနှောင့်ယှက်မယ့် အရာတွေကို ဖော်ထုတ်ဖျက်ဆီးဖို့ တည်ထောင်ထားတဲ့အဖွဲ့ပါ။
အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့က ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး ‘Five Eyes’ လို့ အမည်ပေးထားတဲ့ ထောက်လှမ်းရေးလုပ်ငန်းစု consortium ကို ဖွဲ့စည်းထားပါတယ်။