ကမ္ဘာ့လုံးဆိုင်ရာ သဟဇာတ မြန်မာ့ဒီမိုကရေစီစည်တော်ကြီး ဟည်းနေပြီ

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ဖို့ ပြတ်သားရဲရင့်စွာ ရရာနည်းမျိုးစုံနဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ ကမ္ဘာကြီးအတွက် လက်နက်အားကိုးနဲ့ လူလူချင်း ဖိနှိပ်ခြင်း ကင်းစေမယ့် လူ့ဘောင်သစ်ကို တည်ထောင်စေနိုင်ဖို့ ကြီးမြတ်သော အချက်ပေး နှိုးဆော်သံ ဖြစ်ခဲ့ပါပြီ။
ကမ္ဘာပေါ်မှာ လူအများစုရဲ့ ဆန္ဒနဲ့ အုပ်ချုပ်နိုင်တဲ့ အကောင်းဆုံးစနစ်ဟာ အများမဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ လူထုကိုယ်စားလှယ်တွေက စီမံအုပ်ချုပ်တဲ့စနစ်၊ ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာပဲ သုံးစွဲကြတဲ့တိုင်းနိုင်ငံ၊ ရေမြေအခြေအနေ၊ သမိုင်းနောက်ခံအလိုက် အမျိုးအစားကွဲမျိုးစုံ ရှိပါတယ်။ အနောက်တိုင်းဒီမိုကရေစီ၊ အရှေ့တိုင်းဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီ၊ တစ်ပါတီ ကြီးစိုးတဲ့ ဒီမိုကရေစီ၊ အာဏာရှင်စည်းမျဉ်းခံ ဒီမိုကရေစီ စတဲ့အမည်နာမပညတ် အမျိုးမျိုးရှိပေမဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ သန္ဓေယူပေါက်ဖွားပြီး ကြီးထွားဖို့ အားယူလာတဲ့ ဒီမိုကရရေစီသစ်ပင်ပျိုကတော့ တကမ္ဘာလုံးအများစု လက်ခံနိင်မယ့် (Global Harmonized Democracy) ကမ္ဘာ့လုံးဆိုင်ရာ သဟဇာတ ဒီမိုကရေစီစနစ်ဆိုတဲ့ ကြောက်ရွှံခြင်းက ကင်းလွတ်တဲ့ မေတ္တာထည့်ထားတဲ့ ဒီမိုကရေစီသစ်ပင်ပျိုပဲ ဖြစ်ပါတယ်။
အညတြအာဇာနည် မြန်မာပြည်သူမျိုးဆက်များစွာရဲ့ အသက်ဘဝများစွာ ပေးဆပ်ပြီး ခက်ခက်ခဲခဲ ပင်ပန်းဆင်းရဲကြီးစွာ မျိုးကူးပျိုးထောင်ရလာရတဲ့ ဒီမိုကရေစီပျိုးပင်ဟာ လူမျိုးရေးခွဲခြားမှု မရှိ၊ ဘာသာရေးခွဲခြားမှု မရှိ၊ အသားအရောင်ခွဲခြားမှု မရှိ၊ ယောက်ျား မိန်းမ လိင်တူချစ်သူ ခွဲခြားမှုမရှိတဲ့ အများစုသဟဇာတဖြစ်စေမယ့် ဒီမိုကရေစီမို့ တကမ္ဘာလုံးက စံထားလာရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မှန်ကန်တဲ့ စိတ်ဓာတ်တွေကို တောင့်ထားပါ။ မမှန်ကန်တဲ့စိတ်ဓာတ်တွေကို ဖယ်ရှားပါ။ ဒီမိုကရေစီ တော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်။ စိတ်ကလုပ်နိုင်မှ ဒီမိုကရေစီနိုင်မယ်။ ဒီမိုကရေစီမှာ... မေတ္တာထည့်နိုင်ရင် တခြားနိုင်ငံတွေထက်သာတဲ့ ဒီမိုကရေစီဖြစ်လာမယ်” လို့ လမ်းညွှန်ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ တခြားနိုင်ငံတွေထက် နှစ်ပေါင်းရာချီ စောခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပနိုင်ငံတွေတောင် ဒီမိုကရေစီမှာ မေတ္တာမထည့်နိုင်တာမို့ အခုချိန်ထိ အသားအရောင်၊ လူမျိုး ဘာသာခွဲခြားမှုတွေ မကင်းစင်ဘဲ ခွဲခြားဖိနှိပ်မှု အကျည်းတန် အရုပ်ဆိုးတဲ့ အနိဋ္ဌာရုံတွေ ဆက်လက်ဖြစ်ပွားလို့ ဒီမိုကရေစီမဏ္ဍိုင်ကြီး ယိမ်းယိုင်ချည့်နဲ့နေတာ အားလုံးသိပြီး ဖြစ်ပါတယ်။
မြန်မာ့ရာဇဝင်သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ ပန်ထွာဘုရင်မရဲ့ ပျူမြို့တော် ဗိဿနိုးမြို့က စည်တော်ကြီးအကြောင်းကို မြန်မာပြည်သူအများစု ကြားနာဖူးကြပါတယ်။ အဲဒီဗိဿနိုးမြို့မှာ အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံး ရှိခဲ့ပါသတဲ့။ တကယ်လို့ ဗိဿနိုးကို ရန်သူတွေ လာရောက် တိုက်ခိုက်တဲ့အခါ ပန်ထွာဘုရင်မဟာ အဲဒီစည်တော်ကြီးကို တီးခတ်လိုက်တယ်ဆိုရင် ဗိဿနိုးမြို့ကို ဝန်းရံထားသော ရန်ပယ်ချောင်းမှာရှိတဲ့ ရေတံခါးကို စောင့်ကြပ်နေသူတွေက ရေတံခါးကို ဖွင့်ချလိုက်ကြပါသတဲ့။ အဲဒီအခါမှာ ရန်ပယ်ချောင်းအတွင်းမှာ ရေလုံးကြီးတွေ ဆင်းလာပြီး ရန်သူတွေ ဆုတ်ခွာသွားကြရပါသတဲ့။ သရေခေတ္တရာပြည်ကို အုပ်ချုပ်တဲ့ ဒွတ္တဘောင်မင်းဟာ ဗိဿနိုးကို သူ့ရဲ့တပ်တွေ စေလွှတ်ပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့လည်း အဲဒီစည်တော်ကြီးရဲ့အစွမ်းကြောင့် အောင်မြင်နိုင်ခြင်း မရှိခဲ့ပါဘူးတဲ့။
အားလုံးသိကြတဲ့အတိုင်း ပြည်သူ့အစိုးရလက်ထက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ တုန်းက စစ်ကိုင်းမြို့က ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ စည်တော်ကြီးကို နိုင်ငံတဝန်းလုံး တရားဓမ္မ ဝေစည်ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီး နံနက် ၉:၀၀ နာရီအချိန်မှာ ချိတ်ဆွဲလှူဒါန်းခဲ့ပါတယ်။
ဒါပေမဲ့ သာသနာဖျက် စစ်မိစ္ဆာမင်းအောင်လှိုင်နဲ့ အကြမ်းဖက်ကောင်စီဟာ သူတို့စစ်ကိုင်းတိုင်းမှာ PDF နဲ့ ပြည်သူတွေ ပူးပေါင်းစစ်ခင်းကြရာမှာ စကစဘက်က အရှုံးကြီးရှုံးပြီး အရေးနိမ့်ရတာဟာ စည်တော်ကြီးမှာပါတဲ့ အစီအရင်တွေကြောင့်လို့ ထင်မှတ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကိုင်း ကောင်းမှုတော် စေတီကြီးမှာ လှူဒါန်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို မူလအလှူရှင်ဆီကို ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။
တကယ်တော့ လောကီအစီအရင်တွေ ဗေဒင်ယတြာတွေသာ သက်ဝင်ယုံကြည်ကြတဲ့ စစ်ရာဇဝတ်ကောင်တွေဟာ ခေတ်အဆက်ဆက်မှာ ပြည်သူလူထုကို အလွန်ကြမ်းကြုတ် ရက်စက်စွာ သတ်ဖြတ်ဗိုလ်ကျတဲ့ အရိုင်းအစိုင်းသတ္တဝါတွေဆိုတာ သူတို့ရဲ့ ပုပ်အဲ့နေတဲ့ သမိုင်းကြောင်းတွေက သက်သေခံနေပါလျက် လာဘ်လာဘ၊ ဂုဏ်ထူးဘွဲ့တံဆိပ်တော်တွေကို အာသာရမ္မက်ကြီးပြီး တဏှာလောဘ မောဟမာန တောက်လောင်လို့ ဆင်ခြင်ပိုင်းခြားနိုင်တဲ့ ပညာဉာဏ် အမှောင်ဖုံးပြီး သီလပျက်သွားတဲ့ သီတဂူနဲ့ မဘသဘုန်းကြီးဆိုသူ ဘုရားသားတော်ဆိုးတွေက လူသတ် အာဏာလု စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို သာသနာပြုမင်းလို့ အရှက်ကင်းမဲ့စွာ လူပုံအလယ်မှာ ထောမနာပြုချီးမွမ်းတာကတော့ ယိုသူမရှက် မြင်သူ ရှက်ရပါတယ်။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အထူးသံဝေဂရမိပါတယ်။
မီးစာကုန်ဆီခန်းလို့ ဆေးမမီတော့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဘယ်လိုပဲ ယတြာချေချေ၊ ဘယ်လိုပင် အောက်လမ်းအစီအရင်ပြုပါစေ၊ သက်တမ်းကုန်သွားတာမို့ မရှင်သန်နိုင်တော့တာ အားလုံး မြင်သာနေပါပြီ။
သိပ်မဝေးတော့တဲ့ ကာလတိုတစ်ခုမှာ လူတဆုပ်စာ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းနဲ့ အသိဉာဏ်နဲ့ နှလုံးသားမှာ အဆိပ်သင့်ခံရတဲ့ အသိကန်းအမြင်ကန်း မျိုးညစ် ဘာသာညစ် လူနည်းစု မဘသ အသိုင်းအဝိုင်းဟာ မိုးထစ်ချုန်းသလို ဟည်းဟည်းထ ဆော်တီးလာသလို ကမ္ဘာ့လုံးဆိုင်ရာ သဟဇာတ မြန်မာ့ဒီမိုကရေစီစည်တော်ကြီး မြည်ဟိန်းနှိုးဆော်သံကြောင့် ဗိဿနိုးမြို့က ပန်ထွာဘုရင်မရဲ့ စည်တော်ကြီးတီးခတ်တဲ့အခါ ရန်ပယ်ချောင်းရေတခါးကြီးတွေ ပွင့်လာပြီး ရေစီးထဲ မျောပါဒုက္ခရောက်ကြရတဲ့ အရိုင်းအစိုင်းတွေပမာ ခေတ်သစ်မြန်မာပြည်ရဲ့ လူထုအချစ်တော် ဘုရင်မ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာထည့်ပြီး တီးခတ်လိုက်တဲ့ ကမ္ဘာ့လုံးဆိုင်ရာ သဟဇာတ မြန်မာ့ဒီမိုကရေစီစည်တော်ကြီး အရှိန်အဟုန်ကြီးစွာ ရိုက်ခတ်နှိုးဆော်သံကြောင့် NUG CRPH, EAOs နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆိုတဲ့ ရန်ပယ်ချောင်းတံခါးမှူးတွေ ဖွင့်ချလိုက်တဲ့ ရေထိန်းတံခါးတွေ ပွင့်သွားပြီမို့ ဆင့်ကဲဆင့်ကဲ တက်လာတဲ့ ပြည်သူ့စစ်မဟာဗျူဟာဆိုတဲ့ ရေလှိုင်းလုံးကြီးတွေရဲ့ တိုက်စားအောက်မှာ မျောပါအဆုံးသတ်ကြရမှာ ဧကန်မုချ မလွဲပါကြောင်း။
မင်းကောင်းချစ်