close

မုံရွာထောင်တွင်း ဆန္ဒပြမှုဖြစ်ပြီး ပစ်ခတ်သံများ ကြားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဧပြီ ၃ ရက် ညနေပိုင်းက ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောင်တွင်း ဆန္ဒပြကြွေးကြော်သံတွေ ကြားရပြီး သိပ်မကြာခင်မှာပဲ သေနတ်သံတွေ ဆက်တိုက်ကြားရကြောင်း၊ နောက်တော့ မီးသတ်ကားတွေ၊ လူနာတင်ကားတွေ ထောင်ထဲ ဝင်သွားတာ မြင်လိုက်ရတယ်လို့ ထောင်အနီးနားနေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေ ၅ နာရီလောက်မှာ ထောင်တွင်းမှာ ဒို့ပြည်သူတွေ ညီလားဟေ့လို့ အော်သံကြားရတယ်။ အဲဒီနောက် သေနတ်သံပစ်ဖောက်တာအချက် ၂၀ လောက်ရှိတယ်။ အဲဒါပြီး မကြာဘူး စစ်ကား ၄ စီးရောက်လာခဲ့တယ်။”

မုံရွာအကျဉ်းထောင်ထဲကို ညနေ  ၅ နာရီ ကျော်လောက် မီးသတ်ကားတွေနဲ့ အရေးပေါ်လူနာတင်ကားတွေ ဝင်သွားတာကို တွေ့မြင်လိုက်ရတယ်လို့ ဒေသခံ နောက်တစ်ဦး ပြောပါတယ်။

“မုံရွာထောင်က ကျမတို့ နေရာနဲ့ နီးတယ်၊ သေနတ်သံတွေလည်း ကြားရတယ်၊ အသံဗုံးထင်တယ်။ သေနတ်သံကတော့ အချက်ရေတော်တော်များတယ်။ ညနေ ၅ နာရီကျော်လောက်က ၁၀ မိနစ်လောက်ကြာတယ် ပစ်ခတ်နေတာ။ အဲဒါပြီးတော့ သိပ်မကြာဘူး။ မီးသတ်ကား ၂ စီး၊ လူနာတင်ကား ၁ စီး၊ အရပ်၀တ်တွေနဲ့ ကား ၂ စီး  အဲဒီဘက်ကို မောင်းဝင်သွားတာ တွေ့လိုက်ရတယ်။” 

မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ထင်ရှားတဲ့  နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာပါ။

အခုလို ထောင်တွင်း ဆန္ဒပြမှုအပေါ် ပစ်ခတ်တာကြောင့် မုံရွာအခြေစိုက် Monywa PDF ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲတာတွေ အရေးပေါ်လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေကို အိမ်ပြန်ကြဖို့ အသိပေးထားပါတယ်။

မုံရွာအကျဉ်းထောင်တွင်း အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို ထောင်တွင်း ပစ်ခတ်မှုကြောင့် အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up