close

ထိုင်းငါးဖမ်းလှေပေါ်တွင် မြန်မာရေလုပ်သား ၃ ဦး အဆိပ်သင့်သေဆုံး

ထိုင်းတောင်ပိုင်း ပတ္တနီခရိုင် ပတ္တနီမြို့က ငါးဖမ်းလှေတစ်စီးပေါ်မှာ မြန်မာရေလုပ်သား ၃ ဦး စွန့်ပစ်ငါးသေတွေကို ဝင်တူးစဉ် အပုပ်နံ့တွေကြောင့် အဆိပ်သင့်ပြီး ၃ ဦးလုံး သေဆုံးသွားခဲ့ကြပါတယ်။ 

သူတို့တွေဟာ ပင်လယ်ထဲမှာ ၁၀ ရက်ကျော် ငါးဖမ်းထွက်ပြီး ပြီးခဲ့တဲ့ မတ် ၃၁ ရက် ည ၉ နာရီလောက်က ကမ်းစပ်ကို ပြန်ကပ်ခဲ့ကြောင်း၊ ကမ်းစပ်ကိုရောက်ခါနီး အလုပ်သမား ၁ ဦးက စွန့်ပစ်ငါးတွေထားတဲ့ကျင်းထဲမှာ ငါးပါကင်တူးရာမှာ အနံ့အသက်ပြင်းလွန်းတာကြောင့် အသက်ရှူ ကြပ်စဉ် နောက်ထပ် ၃ ဦးက သွားရောက်ကူညီရာမှာ ကူညီတဲ့သူတွေပါ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်လို့ အလုပ်သမားတွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ MWRN (ဟတ်ယိုင်နယ်မြေတာဝန်ခံ)  ဦးဘရီက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့တွေက ငါးဖမ်းလို့ရလာရင် ငါးတွေကို အကြီး၊ အသေးအမျိုးအစားခွဲထုတ်ရတယ်။ ပြီးတော့ ရောင်းပန်းမလှတဲ့ ငါးအရောအနှောတွေ အကောင်သေးတာတို့၊ သေကျေသွားတာတို့ အဲဒါတွေကို သပ်သပ်ထားတယ်၊ အဲဒါက လူမစားဘူး၊ တိရစ္ဆာန်အစားအစာထုတ်လုပ်ဖို့ ပြန်ရောင်းရတယ်။ လှေကမ်းကပ်မယ်ဆိုတော့ အလုပ်သမားက အဲဒီငါးတွေထုတ်တာပေါ့။ ငါးပါကင်တူးတယ်လို့ ခေါ်တယ်။ ငါးအထားခံအောင် ရေခဲတို့၊ ဆားကြမ်းတို့ နိုင်နိုင်ထည့်ပြီး ငါးပုပ်ရေတွေ စုတ်ထုတ်ရ တယ်။ အခုက သန့်ရှင်းရေးမလုပ်တာကြာလို့ အပုပ်နံ့တွေကနေ ဂက်စ်ထွက်ပြီး လူတွေကို သေစေ တဲ့သဘောပါ။  ၄ ယောက်ဆင်းသွားတဲ့ထဲမှာ ၃ ယောက်သေဆုံးပြီး  ၁ ယောက်ကတော့  အချိန်မီ ဆေးရုံပို့နိုင်ခဲ့တယ်။”

သေဆုံးသွားတဲ့ အလုပ်သမားတွေဟာ အသက် ၂၀ ကျော် နဲ့ ၃၀  ကြားမှာရှိပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ကဖြစ်ကြောင်း၊ အဲဒီထဲက အသက်အငယ်ဆုံး ၁ ယောက်မှာ သူ့ဖခင်က ရဟန်းဝတ်ပေးချင်လို့ ရခိုင်ပြည်ကနေ ပတ္တနီမှာလာစောင့်နေတာ ၁ ပတ်ပဲရှိသေးကြောင်း၊ သားကပြန်လာပေမယ့် အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။

သူတို့ရဲ့ ဈာပနကို ပတ္တနီမြို့ ဝပ်လမ်(ခ်)နို့ခ် ဘုန်းကြီးကျောင်းမှာထားရှိပြီး ဒီကနေ့ နဲ့ မနက်ဖန် ၂ ရက်ခွဲပြီး မီးသင်္ဂြိုဟ်မှာဖြစ်ကာ အသုဘကုန်ကျစရိတ်အကုန်လုံးကို လှေပိုင်ရှင်က တာဝန်ယူ ပေးတယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့ အလုပ်သမား ၃ ယောက်လုံးဟာ လူမှုဖူလှုံရေးရန်ပုံငွေထဲ လစဉ်ထည့်ဝင်ထားကြ တဲ့အတွက် ဥပဒေအရ လုပ်ငန်းခွင်မတော်တဆသေဆုံးမှု နစ်နာကြေးကို လုပ်သက်အလိုက်ရရှိ ကြမှာဖြစ်ကြောင်း၊ ပျှမ်းမျှ လုပ်အားခ ၁ လ ဘတ် ၉၀၀၀ နှုန်းနဲ့ ၁၂၀ လအတွက် နစ်နာကြေး ၁ ဦးလျှင် ဘတ် ၁ သန်း ၈ သောင်းခန့်ရနိုင်ပြီး မိဘနဲ့ဆွေမျိုးသားရင်းတွေသာ လာရောက်ထုတ်ယူခွင့်ရှိတယ်လို့  MWRN က ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up