အိမ်ဖြူတော်တွင် သူဆက်ရှိနေပါက ရုရှားကျူးကျော်စစ်မဖြစ်ဟု ဒေါ်နယ်ထရမ့် ပြော

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ အိမ်ဖြူတော်မှာ ဆက်ရှိနေရင် ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ မီရှီဂန်ပြည်နယ် လူထုအစည်းဝေးပွဲတခုမှာ ပြောလိုက်ပါတယ်။
သူက “ကျုပ်သာ အိမ်ဖြူတော်မှာ ဆက်ရှိနေရင် ယူကရိန်းကို ဒီလို ကျူးကျော်မှာ မဟုတ်ဘူး။ ဘယ်တော့မှ ဖြစ်မလာဘူး။ ပူတင်ကို ကျူပ်ကောင်းကောင်းသိပါတယ်။ တချို့က ပူတင်ကို သိတယ်။ ပူတင်နဲ့ ရင်းနှီးတယ် ပြောကြတယ်။ အို.. ဒါဘာဖြစ်လဲ.. ကောင်းတဲ့အရာပဲ။ ဆိုးတဲ့ကိစ္စမှ မဟုတ်တာ” လို့ လူအများအပြားကို ပြောခဲ့တာပါ။
ထရမ့်က အခုလို ပြောနေချိန် ယူကရိန်းက ကိယက်ဗ်မြို့နဲ့ အနီးရှိဒေသအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ကြေညာပါတယ်။
ရုရှားတို့ ကျူးကျော်ပြီးခဲ့ကတည်း ပထမဆုံးအကြိမ် အလုံးအရင်းနဲ့ ပြန်ဆုတ်သွားပြီး ကိယက်ဗ်ဒေသ မြို့နယ်နဲ့ ကျေးရွာ ၃၀ ကျော်ကို ယူကရိန်းတပ်တွေ ပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။