close

စစ်တွေမြို့ ၌ လမ်းလျှောက်သင်္ကြန်ပွဲ ပထမဆုံးအကြိမ်ကျင်းပရန် စစ်ကောင်စီ စီစဉ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

"လမ်းလျှောက်သင်္ကြန်ပွဲက ကျနော်တို့ စစ်တွေမှာ တခါမှ မကျင်းပခဲ့ဖူးဘူး။ အခုနှစ်မှာ လမ်းလျှောက်သင်္ကြန်ပါပါမယ်လို့ သိရတယ်။ စစ်ကောင်စီလက်ထက်မှာ ပထမဆုံးအကြိမ်ထည့်သွင်းလာတာပါ။ ယခင်ကမရှိခဲ့ဘူး” လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲအား ရခိုင်ပြည်နယ်အနှံ့ တကြိမ်တခါမှ မကျင်းပခဲ့သေးဘဲ အခုနှစ် စစ်တွေမြို့မှာ ပထမဆုံးအကြိမ်ကျင်းပမှာဖြစ်ပြီး စစ်တွေ မြို့ရှုခင်းသာလမ်းမှ စာတိုက်ကြီး လမ်းဆုံအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲအား စည်ကားစွာကျင်းပဖို့ ပြင်ဆင်နေသလို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကလည်း ပြင်ဆင်နေတယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

“ဒီနှစ်ကတော့ ထွေအုပ်ကကျင်းပမယ့် သင်္ကြန် Show ပွဲမှာ ရခိုင်အဆိုတော်တွေကို ငှားထားတယ်လို့ သိရတယ်။ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က မောင်တောက လူငယ်တွေရဲ့ တီးဝိုင်းနဲ့ ဖျော်ဖြေပြီး ရခိုင်ရိုးရာသင်္ကြန်နဲ့အညီ ကျင်းပမယ်သိရတယ်။”

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်းမှာ ပြုလုပ်မယ့် သင်္ကြန်နဲ့ ပျော်ပွဲ၊ ရွှင်ပွဲတွေကို ပြည်သူတွေ မပူးပေါင်း၊ မပါဝင်ကြဘဲ သပိတ်မှောက်ကြဖို့ မြို့နယ်တချို့မှာ ပြည်သူတွေက ဆန္ဒပြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up