close

‘My Possessive Step-Bro’ စာအုပ်ဂယက်ရိုက်၊ ပုံနှိပ်ထုတ်ဝေသူများ လိုက်နာရမည့် စည်းကမ်း စစ်ကောင်စီထုတ်ပြန်

မြန်မာပြည်တွင်း ပုံနှိပ်သူတွေနဲ့ ထုတ်ဝေသူတွေလိုက်နာဖို့လိုအပ်တဲ့ စည်းကမ်းချက်တွေကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထပ်မံ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားချင်း အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားတဲ့အကြောင်း ရေးသားထားတယ်ဆိုတဲ့ ‘My Possessive Step-Bro’  စာအုပ်နဲ့ပတ်သက်ပြီး  အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီက ဒီနေ့ထုတ် သတင်းစာကနေ  စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာပါ။ 

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ပုံနှိပ်သူတွေ၊ ထုတ်ဝေသူတွေဟာ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေး အရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေကို ဖော်ပြတာ၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို သော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကို သော်လည်းကောင်း ထိခိုက်စေမယ့် အကြောင်းအရာတွေကို ဖော်ပြတာ၊ ညစ်ညမ်းစာတွေကို ဖော်ပြတာ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်တာတွေကို အားပေးလှုံ့ဆော်တာတွေကို တားမြစ်ထားပြီး လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမယ်လို့ ဖော်ပြတယ်။

အဆိုပါ ဒီစာအုပ်ကို ရေးသားသူကိုတော့ နှောင်းအရိပ်(Hnaung AYeik)လို့ ဖော်ပြထားပြီး ရွှေလာဘ် - Book House ကနေ စတင်ဖြန့်ချိတဲ့နေ့မှာပဲ ဆယ်ကျော်သက် လူငယ်လူရွယ်တွေ အလုအယက်တိုးဝှေ့ဝယ်ယူကြသူတွေရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ  ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာကလည်း   ဒီကိစ္စနဲ့ ပတ်သက်လို့  ‘စာပေအဆိပ်မသင့်ကြစေလို’ ခေါင်းစဉ်နဲ့  ဒီကနေ့  အယ်ဒီတာ့အာဘော်ရေးသား ထားတာတွေ့ရပါတယ်။

ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်အနေနဲ့ ပြောင်းလဲလာတဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသိအမှတ်ပြုကြရာမှာ LGBT ဆိုတဲ့ Lesbian, Gay, Bisexual, Transgender တို့ကို လူတဦးချင်းစီရဲ့ ကျားမလိင်ရွေးချယ်မှု အခွင့်အရေးအဖြစ် လက်ခံလာကြပြီဖြစ်တဲ့တိုင်အောင် လိင်တူလိင်ကွဲ အဓမ္မပြုကျင့်မှုတွေဟာ ရာဇဝတ်မှုဖြစ်ပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့၊ စံလွဲတဲ့အပြုအမူတွေသာဖြစ်ပြီး စာပေအနုပညာ ဖန်တီးမှု မျက်နှာဖုံးတပ်ကာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့၊ ညစ်ညမ်းမှုနဲ့ အကြမ်းဖက်မှုတို့ကို အားပေးလှုံ့ဆော်တဲ့ အရေးအသားတွေကို ရေးသားတာ၊ ပုံနှိပ်ထုတ်ဝေတာတွေဟာ  ဥပဒေကို  ချိုးဖောက်ရာကျပြီး ထိရောက်စွာ အရေးယူခံရမယ်လို့ အာဘော်မှာ ရေးသား ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပုံနှိပ်ထုတ်ဝေသူတွေကို အခုလို စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်တာဟာ စာပေလွတ်လပ်ခွင့်ကို  ဖိနှိပ်ချုပ်ချယ် တားမြစ်ကန့်သတ်ဖို့ ရည်ရွယ်တဲ့ ခြေလှမ်းအဖြစ် ရှုမြင်သူတွေလည်း ရှိပါတယ်။

ဒီစာအုပ်ကိုထုတ်ဝေသူဖြစ်တဲ့ ရွှေလာဘ် - Book House ကတော့ အဆိုပါ စာအုပ်အမှာအော်ဒါတွေကို ရုတ်တရက်ဖျက်ချခဲ့ရပြီး ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ “စာဖတ်သူတို့ရေ အခုချိန်မှာ မထင်မှတ်ထားတဲ့ အ‌ခြေအနေတွေ ဖြစ်ပေါ်သွားတဲ့အပေါ် စာအုပ်တိုက်ဘက်က မကြာသေးမီကမှ သိရှိပြီးဖြစ်ပါတယ်ခင်ဗျ။ ဒီအခြေအနေအပေါ်စာဖတ်သူတို့အနေနဲ့ ‌သည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်နော်၊ အခုချိန်ကစပြီး စာအုပ်နဲ့ ပတ်သက်လို့ ဘယ်သူကဘာတင်တင် လျစ်လျူရှုပေး‌ဖို့အတွက်တောင်းဆိုပါတယ်ဗျ။ ကျွန်တော်တို့ဘက်မှ ဖြစ်ပေါ်လာသော အခြေအနေများအပေါ်မူတည်ပြီး သေသေချာချာ ဖြေရှင်းပေးသွားမှာပါခင်ဗျ” လို့ ရေးသား ထားတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up