close

ပြည်သူအတွက် ရဟတ်ယာဉ်ဝယ်ပေးမှုဖြင့် နိုင်ငံခေါင်းဆောင် ၂ ဦးကို ရုံးထုတ်စစ်ဆေး

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံရချိန်မှာ အသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူပေးခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိအမှုနဲ့စွပ်စွဲ တရားစွဲဆိုထားတဲ့အမှုတွေကို ဧပြီ ၅ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးပါတယ်။

မနေ့ ရုံးချိန်းမှာ တရားလို ဦးအောင်ခက သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး စစ်ဆေးမှု မပြီးပြတ်တဲ့အတွက် ဧပြီ ၁၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူ  ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လုံးဝအပြစ်မရှိကြောင်း နိုင်ငံခေါင်းဆောင်တွေက တရားရုံးမှာ ပြောကြားထားပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က နိုင်ငံခေါင်းဆောင်တွေကို အဂတိလိုက်စားမှုနဲ့ တဖက်သတ် စွပ်စွဲဖမ်းဆီးထောင်ချထားပေမဲ့ လာဘ်စားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား တွေကိုတော့ အခုအချိန်အထိ တခုမှ ပြသနိုင်ခြင်းမရှိသေးပါဘူး။  

ဒီနေ့ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up