close

ဘန်ကောက်တွင်ကစားမည့် မန်ယူ-လီဗာပူးပွဲလက်မှတ် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲထက် ဈေးကြီးနေ

ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မှာ ကစားကြမယ့် မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ချစ်ကြည်ရေး ဘောလုံးပွဲ ပွဲလက်မှတ်ဈေးနှုန်းတွေဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ လက်မှတ်ဈေးနှုန်းတွေထက် ကြီးမြင့်နေတာကြောင့် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာ လာမယ့် ဇူလိုင် ၁၂ ရက် ည ၈ နာရီမှာ ကစားကြမယ့် ဒီပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ အနည်းဆုံးဘတ် ၅၀၀၀ ကနေ အများဆုံးဘတ် ၂၅၀၀၀ ထိ အသီးသီး သတ်မှတ်ရောင်းချနေပြီး ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ လက်မှတ်ဈေးနှုန်းတွေကတော့ အနည်းဆုံး ဘတ် ၂,၆၀၀ ကနေ အများဆုံးဘတ် ၂၂,၂၀၀ ထိသာ ရှိတယ်လို့ ဆိုပါတယ်။

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ နည်းပြသစ်တယောက်နဲ့အတူ ရောက်ရှိလာမယ့် မန်ယူအသင်းတို့ရဲ့ လာမယ့် ဇူလိုင်လ ပွဲစဉ်ကို ထိုင်းပရိသတ်တွေက ကြည့်ရှုရမယ့် အခွင့်အရေးဖြစ်နေပြီး ဘယ်ကစားသမားတွေ ပါဝင်ကြမယ်ဆိုတာကိုတော့ ပွဲစီစဉ်သူတွေက ထုတ်ပြောထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ကလပ်အသင်း ၂ သင်းလုံးရဲ့ ပထမတန်း ကစားသမားတွေ ပါဝင်မယ်လို့တော့ အတည်ပြုထားတာပါ။

Thaiticketmajor ကတဆင့် ရောင်းချနေတဲ့ လက်မှတ်တွေကိုတော့ အနည်းဆုံးဘတ် ၅,၀၀၀ အဆင့် ၅ ကနေ ဘတ် ၂ သောင်းခွဲ ပလက်တီနမ်အဆင့်ထိ ရောင်းချနေပြီး ခုံတွေအများစုကကတော့ ဘတ် ၂ သောင်းတန် ငွေအဆင့်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာဟာ ဘတ် ၁ သောင်းအောက်သာ ရှိနေတာမို့ ခုလိုလက်မှတ်ဈေးနှုန်းတွေ ချန်ပီယံလိဂ်ပွဲလက်မှတ်ထက် ကြီးမြင့်တဲ့အပေါ် နှိုင်းယှဉ်ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရဲ့ ပြီးခဲ့တဲ့နှစ် ဖိုင်နယ်ပွဲစဉ်မှာတော့ အဆင့် ၄ ကို ဘတ် ၂,၆၀၀ နဲ့ရောင်းချခဲ့တာဖြစ်ပြီး အဆင့် ၁ ကို ဘတ် ၂၂,၂၀၀ နဲ့ အမြင့်ဆုံးသတ်မှတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘောလုံးပရိသတ်တွေက ပရီးမီးယားလိဂ်ကလပ်အသင်းကြီး ၂ သင်းရဲ့ ပွဲလက်မှတ်တွေ ကြီးမြင့်တာကြောင့် ကြည့်ရှုဖို့ အားမထုတ်နိုင်ဘူးလို့ ပြောကြပေမယ့် ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘတ် ၂ သောင်းနဲ့အထက် ဈေးကြီးတဲ့ ထိုင်ခုံနေရာတွေကလွဲလို့ ကျန်တဲ့ အောက်အဆင့်လက်မှတ်တွေအားလုံးဟာ ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up