close

ပခုက္ကူမြို့တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးပါက အပြင်ထွက်ခွင့်မပြု

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၅ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ အပြင်ထွက်ခွင့်မရဘူးဆိုပြီး  ပခုက္ကူမီးသတ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက တအိမ်တက်ဆင်း လိုက်လံ ကာကွယ်ဆေးထိုးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘာလို့ မထိုးမနေရတာလဲ မသိရပေမဲ့ မထိုးရင် အပြင်ထွက်ခွင့်မရပါဘူးတဲ့၊ ဆေးထိုးတဲ့ စာရွက်ပါမှ ရပ်ကွက်ထဲအဝင်ခံ အထွက်ခံမယ် ပြောတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလော ပခုက္ကူမြို့ပေါ်ရပ်ကွက်တချို့မှာ တအိမ်တက်ဆင်း ကိုဗစ်ကာကွယ်ဆေး  မထိုးမနေရ ထိုးခိုင်းနေတာကြောင့်   မထိုးချင်ရင်လည်း   ထိုးရတော့မယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ကိုဗစ်ကာကွယ်ဆေးကို အယုံအကြည်မရှိတာရယ်၊ ငွေကြေးတောင်းခံမှာ စိုးတာရယ်ကြောင့် တချို့တွေက မထိုးချင်ကြသေးဘူး။ ခုကတော့ ထိုးချင်ချင် မထိုးချင်ချင် ထိုးရတော့မှာ။”

ပခုက္ကူမြို့မှာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်ကာကွယ်ဆေးတလုံးကို ကျပ် ၅၀,၀၀၀ ပေးထိုးရပြီး မြို့အဝင်အထွက်မှာ လုံခြုံရေးတွေနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို အတင်းထိုးခိုင်းပြီး ပိုက်ဆံတောင်းခံတာ ရှိခဲ့ပါတယ်။ တတိယကိုဗစ်လှိုင်းမှာတော့ ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးရတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ပခုက္ကူမြို့ထဲမှာ Mask တပ်သူ နည်းပါးသွားပြီး မြို့လယ်နဲ့ လူစည်ကားရာနေရာ တွေမှာတောင် Mask တပ်သူက ၄၀ ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းလည်း လျော့ကျသွားပြီး သေဆုံးသူကလည်း မရှိသလောက် နည်းသွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up