close

မြန်မာတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၂၇ သန်းကျော်ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးပြီးသူအရေအတွက်ဟာ ၂၇ သန်းကျော် ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးပေးနေပြီး ဧပြီ ၂ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသူ ၅ ဒသမ ၀၉ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးပြီးသူ  ၂၁ ဒသမ ၉၃ သန်း ကျော်နဲ့ စုစုပေါင်း ၂၇ ဒသမ ၀၃ သန်းကျော်ပြီလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့  သိရပါတယ်။

နိုင်ငံတဝန်းမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူ ၁၉,၄၃၀ ကျော်ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်ကစတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သင်္ကြန်ပွဲတော်ကျင်းပ ဖို့လည်း ဖိအားပေးစီစဉ်နေပါတယ်။

စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up