လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင် ဆောက်မည်ဟု အယ်လ်ဆာဗေဒိုသမ္မတ ပြော

အယ်လ်ဆာဗေဒိုနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀,၀၀၀ လောက်ထားနိုင်တဲ့ လုံခြုံရေးအဆင့်မြင့်တဲ့ အကျဉ်းထောင်ကြီးတခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတ နာယစ်ဘ်ဘူခေလေက ဧပြီ ၅ ရက် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားမှာ ပြောပါတယ်။
အကြမ်းဖက်မှု အဆုံးမသတ်မချင်း ထောင်ထဲမှာ စားနပ်ရိက္ခာကို ဝေပုံကျနဲ့ ဆက်ပေးသွားမယ်လို့လည်း သမ္မတ ဘူခေလေက ပြောပါတယ်။
"အဲဒီထဲမှာ သူတို့ ဘယ်လောက်ကြာကြာခံမလဲ ကြည့်ကြစို့၊ သူတို့ ထမင်းမစားရဖို့ ကျနော် ဘုရားသခင်ဆီမှာ ကျိန်ဆိုတယ်၊ ဘယ်လောက်ကြာကြာခံမလဲ ကြည့်မယ်"လို့ ဘူခေလေက ပြောပါတယ်။
အယ်လ်ဆာဗေဒိုနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေကြောင့် လူသတ်မှု သိသိသာသာ တိုးလာပြီး ၂၀၁၅ ခုနှစ်က လူတသိန်းတိုင်းမှာ လူသတ်မှု ၁၀၃ မှု ရှိခဲ့ကာ ကမ္ဘာ့လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
၂၀၁၉ ခုနှစ်မှာ သမ္မတဘူခေလေ အာဏာရပြီးနောက် လူသတ်မှုနှုန်း ပုံမှန်ကျဆင်းလာတာကို ကိန်းဂဏန်းတွေက ပြထားပါတယ်။ ဒါပေမဲ့ သူဟာ တရားရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဒီမိုကရက်တစ် ဝေဖန်သူတွေက ပြောပါတယ်။
ရွေးကောက်ပွဲမှာ ဘူခေလေရဲ့ပါတီကို မဲပေးဖို့နဲ့ လူသတ်နှုန်း ကျဆင်းလာရင် အပြန်အလှန်အနေနဲ့ ပိုကောင်းတဲ့ ထောင်တွင်းအခြေအနေ၊ ငွေနဲ့ တခြားခံစားခွင့်တွေ ကမ်းလှမ်းရင်း အဓိက ဂိုဏ်း ၂ ဂိုဏ်းနဲ့ သဘောတူညီချက်ရဖို့ ဘူခေလေအစိုးရက ပွဲစားလုပ်ပေးနေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ ဘူခေလေကတော့ ဒီ စွဲချက်ကို ထပ်ခါတလဲ ငြင်းထားပါတယ်။