တိုက်စစ်မှူး ဘင်ဇီမာ၏ ဟက်ထရစ်သွင်းဂိုးဖြင့် ရီးရဲလ်က ချဲလ်ဆီးကို အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူး ဘင်ဇီမာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ဝါရင့်တိုက်စစ်မှူး ဘင်ဇီမာနဲ့ ဗင်နီဆီးယက်စ်တို့ရဲ့ တိုက်စစ်တွဲလုံးတွေကို ချဲလ်ဆီးခံစစ်က ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သလို ဂိုးသမား မန်ဒီနဲ့ ခံစစ်ပိုင်း အမှားအယွင်းတွေရှိခဲ့လို့ ဂိုးတွေ ပေးခဲ့ရတာပါ။
ပွဲချိန် ၂၁ မိနစ်နဲ့ ၂၄ မိနစ်တွေမှာ ဘင်ဇီမာက ခေါင်းတိုက်သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာ ခိုင်ဟာဗက်ဇ်က ချဲလ်ဆီးအတွက် ချေပဂိုးပြန်သွင်းပါတယ်။ ဒုတိယပိုင်းအစမှာ ဂိုးသမားမန်ဒီရဲ့ အမှားကနေ ဘင်ဇီမာက ဟက်ထရစ်ရစေမယ့် ၃ ဂိုးမြောက် ဂိုးသွင်းယူခဲ့တာပါ။
ဘင်ဇီမာဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့မှာတုန်းကလည်း ပီအက်စ်ဂျီအသင်းကို ဟတ်ထရစ်သုံးဂိုးသွင်းပြီး ဒီအဆင့်ကို တက်ရောက်ဖို့ စွမ်းဆောင်ပေးခဲ့သူပါ။
ချဲလ်ဆီးဟာ ဒီရှုံးပွဲကြောင့် ဘာနေဗျူးမှာ သွားရောက်ကစားရမယ့် ဒုတိယအကျော့မှာ ပိုမိုရုန်းကန်ရတော့မှာပါ။
ကွာတားဖိုင်နယ် တခြားပွဲစဉ်မှာတော့ နာမည်ကြီး ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ဗီလာရီးရဲလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဗီလာရီးရဲလ်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၈ မိနစ်ကတည်းက ဟော်လန်ကစားသမား ဒမ်ဂျူးမားက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီအသင်းတွေရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဧပြီ ၁၂ ရက်ည ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။