close

အိန္ဒိယတွင် အိုမီခရွန် XE ဗီဇမျိုးကွဲ ကူးစက်ခံရသည့် ပထမဆုံးလူနာတွေ့

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉  ကပ်ရောဂါ အိုမီခရွန် XE ဗီဇမျိုးကွဲ ပထမဆုံး ကူးစက်ခံရတဲ့လူနာ တွေ့ရှိခဲ့ပြီး ရောဂါအသည်းအသန် အခြေအနေမရှိဘူးလို့ ဒေသခံ ကျန်းမာရေး အရာရှိတယောက်ကို ကိုးကားပြီး စီစီတီဗွီ သတင်းဌာနက ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

တောင်အာဖရိကကနေ ဖေဖော်ဝါရီ ၁၀ ရက်က ပြန်လာတဲ့ မွမ်ဘိုင်းမြို့က အသက် ၅၀ အရွယ် အမျိုးသမီးလူနာဟာ ကာကွယ်ဆေးအားလုံး ထိုးပြီးသားလို့လည်း ဆိုပါတယ်။

မွမ်ဘိုင်းမြို့မှာ စမ်းသပ်ခံ အယောက် ၂၃၀ ထဲမှာ ၂၂၈ ယောက်က အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံထားရပြီး တယောက်က ကပ်ပါ ဗီဇမျိုးကွဲနဲ့ နောက်တယောက်က အိုမီခရွန် XE ဗီဇမျိုးကွဲ ကူးစက်ခံထားရတာလို့ ကျန်းမာရေးအရာရှိက ပြောပါတယ်။

ဗီဇမျိုးကွဲသစ် အိုမီခရွန် XE ကူးစက်ခံလူနာရဲ့ အခြေအနေက အသည်းအသန်တော့ မဟုတ်ဘူးလို့ အရာရှိက ပြောပါတယ်။ ဒါပေမဲ့  XE ဗီဇမျိုးကွဲသစ်ဟာ အိုမီခရွန်ရဲ့ BA.2 ဗီဇမျိုးကွဲထက် ၁၀ ရာခိုင်နှုန်း ပိုကူးစက်လွယ်ပါတယ်။

XE ဗီဇမျိုးကွဲသစ် မတွေ့ခင်က BA.2 ဟာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဗီဇမျိုးကွဲ အားလုံးထဲမှာ ကူးစက်နိုင်ဆုံးလို့ အစက မှတ်သားထားခဲ့ကြတာလို့ အရာရှိက ပြောပါတယ်။

XE ဗီဇမျိုးကွဲကို ဗြိတိန်မှာ ဒီနှစ်စပိုင်းက ပထမဆုံး ထောက်လှမ်းတွေ့ရှိခဲ့တာပါ။ XE ဗီဇမျိုးကွဲဟာ ပိုကူးစက်နိုင်တယ်ဆိုတဲ့ ကနဦး သတင်းအချက်အလက်တွေကို မတ် ၂၉ ရက် အစီရင်ခံစာမှာ ထည့်သွင်းထားပေမယ့် အတည်ပြုဖို့ ပိုများတဲ့ အချက်အလက်တွေ လိုနေသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up