ဥရောသမဂ္ဂအဖွဲ့ဝင်အဖြစ် ယူကရိန်းကို အမြန်ဆုံးလက်ခံမည်ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌပြော

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်းဟာ ဧပြီ ၈ ရက်နေ့က ကိယက်ဗ်မြို့ကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဥရောသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းရဲ့ လျှောက်ထားမှုကို အမြန်ဆုံး လက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။
အာဆူလာက “ရှင့်ရဲ့ တိုက်ပွဲဟာ ကျမတို့ရဲ့ တိုက်ပွဲပါပဲ၊ ဒီနေ့ အရေးကြီးတဲ့သတင်းစကားနဲ့အတူ ကိယက်ဗ်ကို ကျမ လာခဲ့တာပါ။ အဲဒါက ရှင်ဘက်မှာ ဥရောပသမဂ္ဂ ရှိတယ် ဆိုတာပါ၊ ယူကရိန်းပြည်သူတွေနဲ့အတူရှိတယ် ဆိုတာပါ၊ ယူကရိန်းပြည်သူတွေရဲ့ ပေးဆပ်မှုက တန်ဖိုးမဖြတ်နိုင်အောင်ပါ၊ ပူတင်အနေနဲ့ စီးပွားရေးမှာ တန်ဖိုးကြီးကြီး ပေးရပါလိမ့်မယ်။ အခု ဥရောပသမဂ္ဂ နိုင်ငံတွေမှာရှိတဲ့ ရုရှားပိုင် ယူရိုငွေ ၂၂၅ ဘီလီယံကို ပိတ်ပစ်လိုက်တယ်၊ ရုရှားဟာ ဥရောပသမဂ္ဂနဲ့ အဆက်ပြတ်သွားပြီး၊ ယူကရိန်းက ဥရောပသမဂ္ဂနဲ့ ရှေ့ဆက်သွားဖို့ လမ်းပွင့်နေတယ်၊ အဖွဲ့ဝင်ဖြစ်ရေး အမြန်ဆုံး ဆုံးဖြတ်မှာပါ” လို့ ပြောခဲ့တာပါ။
အာဆူလာက ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာချိန် အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ ဘူချာမြို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
သူက “ဘူချာမှာ ကျမတို့လူသားထု တစစီဖြစ်အောင် လုပ်ခဲ့တာ မြင်တွေ့ရပါတယ်။ ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ ကမ္ဘာ့နိုင်ငံတွေ ရပ်ဆိုင်းပစ်တာ သိပ်မှန်တယ်” လို့ သတင်းသမားတွေကို ပြောပါတယ်။
သမ္မတဇလန်းစကီးက အခုစစ်ရေးတိုက်ခိုက်မှုဟာ ယူကရိန်းတည်မြဲရေးအတွက်သာ မဟုတ်ဘဲ ဥရောပလုံခြုံရေးအတွက်ပါ တိုက်ရိုက်တိုက်ခိုက်တာလို့ ပြောခဲ့ပါတယ်။