close

မှတ်ပုံတင်မပါသူများကို စစ်ကောင်စီက မွန်ပြည်နယ်ထဲ ဝင်ခွင့်မပေး

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေကို ပြည်နယ်စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မပါရင် ဝင်ခွင့်မပေးဘူးလို့ ခရီးသွားတွေက ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး ပြည်နယ်အဝင် စစ်ဆေးရေးဂိတ်တွေ ဖြစ်တဲ့ ကျိုက်ထို စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နဲ့ ရေးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင် ပါ မပါ တင်းကြပ်စွာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင် မပါတဲ့သူတွေကို ပြန်လှည့်ခိုင်းနေသလို မွန်ပြည်နယ် နေထိုင်သူတွေ ဖြစ်ရင်လည်း အနည်းဆုံး ကျပ် ၁၀,၀၀၀ နဲ့အထက် ပေးဆောင်ပြီးမှ ဝင်ခွင့်ရတယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင် မပါတဲ့သူတွေကို အတင်းအကျပ် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သလို ခြိမ်းခြောက် ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ် စစ်ကောင်စီဟာ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့်မပြုဖို့ ဧပြီ ၄ ရက်နေ့က ညွှန်ကြားထားတာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် မှတ်ပုံတင် မရှိသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ မှတ်ပုံတင် မရသေးတဲ့ ဘာသာခြားတွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လဝကဝန်ကြီးဌာနကတော့ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်အစား ထောက်ခံစာပြသပြီး ခရီးသွားလာမှုတွေ ခွင်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up