close

ရက္ခိုင့်တပ်တော်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်း ၃ ဦးကို အေအေလွှတ်ပေး

ဧပြီ ၁၀ ရက် ကျရောက်တဲ့ ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၃ ယောက်ကို  ပုဏ္ဏားကျွန်းမြို့နယ်မှာ  အေအေတပ်ဖွဲ့က  လွှတ်ပေးလိုက်ပါတယ်။

ပြန်လွှတ်ပေးလိုက်သူ ၃ ဦးမှာ မီးဝတိုက်ပွဲမှာ အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေဖြစ်ကြပြီး ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ကွမ်းတောင်နဲ့ ဆင်အင်းကြီးကျေးရွာအနီး  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထံ အပ်နှံပေးလိုက်တာလို့ ကွမ်းတောင်ကျေးရွာဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်နဲ့ အေအေအကြား ၂၀၁၈ နိုဝင်ဘာမှ ၂၀၂၀ နှစ်လယ်ပိုင်းအထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ ပြီးနောက် ၂၀၂၀ နိုဝင်ဘာမှာ တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာလည်း တိုက်ပွဲတွေမရှိသလောက်နည်းပါးသွားပြီး  မတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက အေအေအဖွဲ့ကို  အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားရာကနေ ပြန်ရုပ်သိမ်းပေးခဲ့တာပါ။

ဒါ့အပြင် အေအေနဲ့ဆက်နွှယ် သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့  ညီ၊ ညီမ၊ ယောက်ဖဖြစ်သူ အပါအဝင် ၁၀ ယောက်ကိုလည်း ၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်က  ပြန်လွှတ်ပေးခဲ့ပါတယ်။

အေအေ ဘက်ကလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ဆေးတပ်မှူး ဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စစ်သားနဲ့ ရဲသုံ့ပန်း ၁၅ ယောက်ကို ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြန်လွှတ်ပေးခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတချို့ကိုလည်း လွှတ်ပေးခဲ့သလို ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ လဝက ဝန်ထမ်း ၁၇ ယောက်ကိုလည်း ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်မှာ လွှတ်ပေးခဲ့ပါတယ်။

Photo- AA

(၁၃ နှစ်မြောက် ရက္ခိုင်တပ်တော်နေ့အခမ်းအနားအားတွေ့ရစဥ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up