တောင်ကိုရီးယား၌ အသက် ၉ နှစ်အောက်ကလေးတဝက်ကျော် ကိုဗစ်ကူးစက်ခံရ

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၉ နှစ်အောက် ကလေးထက်ဝက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးပြီလို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ်ဟန့်တားရေး အေဂျင်စီ (KDCA)ကို ကိုးကားပြီး စီစီတီဗီ သတင်းဌာနက ဧပြီ ၁၀ရက်မှာ ဖော်ပြပါတယ်။
ဧပြီ ၉ ရက်အထိ အသက် ၉ နှစ်အောက် ကလေး အယောက် ၁၈ သိန်း ၈သောင်း ၇ထောင်ကျော်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ထားရတယ်လို့ (KDCA) က ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေက ပြထားပါတယ်။
ဒါဟာ တခြား အသက်အုပ်စုတွေထဲမှာ ကူးစက်နှုန်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။
အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကြား အသက်အုပ်စုကတော့ ဒုတိယ ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး လူ ၁ သိန်းမှာ လူ ၄၃၀၀၀ ကျော် ကူးစက်ခံထားရတာပါ။
တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ကပ်ရောဂါဟာ နိုင်ငံတလွှားမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်အပြီး ဖေဖော်ဝါရီနဲ့ မတ်လကစပြီး အမြန် ယိုယွင်းလာခဲ့ပါတယ်။
မတ် ၁၇ ရက်က အမြင့်ဆုံးစံချိန်အဖြစ် တရက်တည်းမှာ အသစ်ကူးစက်ခံ စုစုပေါင်း ၆ သိန်း ၂ သောင်း ကျော်ခဲ့ပါတယ်။
ဧပြီ ၉ ရက်အထိ စုစုပေါင်း ကူးစက်ခံဦးရေက ၁၅၃ သိန်း ၃ သောင်း ၃ထောင် ကျော်ပြီလို့ ကျန်းမာရေး အာဏာပိုင်တွေက ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။
ဒါပေမယ့် ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ စုစုပေါင်းက ၁၉၄၂၁ ယောက်ရှိလို့ ကူးစက်ခံ သေဆုံးနှုန်းကတော့ ၀ ဒသမ ၁၃ ရာခိုင်နှုန်း ရှိတယ်လို့လည်း KDCA က သတင်းထုတ်ပြန်ခဲ့ ပါတယ်။