တောင်ကိုရီးယားက အာကာသဒုံးပျံ ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် လွှတ်တင်

တောင်ကိုရီးယားဟာ လောင်စာခဲသုံးတဲ့ အာကာသဒုံးပျံကို မတ် ၃၀ ရက်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားလို ခြိမ်းခြောက်မှုတွေကို ပိုကောင်းကောင်း စောင့်ကြည့်မယ့် ဂြိုဟ်တုတွေ အတွဲလိုက်လွှတ်တင်ရေး အထောက်အကူပေးမယ့် ခြေလှမ်းတရပ်လို့လည်း စစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ဒုံးကျည်တီထွင်တိုးတက်ရေးကို ဆယ်စုနှစ်ချီ ကန့်သတ်ချက် အဆုံးသတ်ရေး မနှစ်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူအပြီးမှာ ပထမဆုံး စမ်းသပ်လိုက်တာပါ။
မြောက်ကိုရီးယားက အမြင့်ဆုံး ဒုံးကျည်စမ်းသပ်ချက်အပြီး သီတင်းတပတ် မကြာခင်မှာ တောင်ကိုရီးယားက ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။
ဒါဟာ အင်မတန် အရေးကြီးတဲ့အချိန်မှာ လွတ်လပ်တဲ့ အာကာသအခြေပြု ထောက်လှမ်းရေးနဲ့ ကင်းထောက်နယ်ပယ်မှာ စစ်တပ်ရဲ့ ကာကွယ်ရေးဩဇာကို အားဖြည့်ဖို့ အရေးကြီးတဲ့ မိုင်တိုင်တခုပဲလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ အနာဂတ်မှာ ကမ္ဘာပတ်လမ်းနိမ့်ထဲကို ဂြိုဟ်တုသေးတွေ အတော်များများပါတဲ့ ဂြိုဟ်တုငယ်တလုံး လွှတ်တင်ရာမှာ ဒုံးပျံကိုသုံးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဒါဟာ ပြည်တွင်းအာကာသလုပ်ငန်း ပြန်အသက်ဝင်လာစေဖို့ နည်းပညာတချို့ကို ပုဂ္ဂလိကကဏ္ဍဆီ လွှဲပေးဖို့လို့လည်း သူက ပြောခဲ့ပါတယ်။