ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ အတည်ပြုလူနာ ဆက်မြင့်နိုင်

တရုတ်နိုင်ငံ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးဘဲ လာမယ့်ရက်အနည်းငယ်အတွင်း အသစ်ကူးစက်ခံ အတည်ပြုလူနာဦးရေ ဆက်မြင့်နေနိုင်တယ်လို့ အစိုးရ ကျန်းမာရေး အရာရှိတယောက်ကို ကိုးကားပြီး တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက် တရက်တည်းမှာ ရောဂါလက္ခဏာ မပြတဲ့ ကူးစက်ခံ ၂၂,၀၀၀ ကျော်နဲ့ လက္ခဏာပြတဲ့ ကူးစက်ခံ ၉၉၄ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။
ရောဂါခြေချုပ်နဲ့ အသွားအလာ ပိတ်ဆို့ထားတဲ့ လူနေခြံဝင်းတွေဆီကို စားနပ်ရိက္ခာပို့ဖို့၊ ထုပ်ပိုးဖို့ ရှန်ဟိုင်းရဲ့ စူပါမားကက်ထဲမှာ ဝန်ထမ်း ၈၀၀ ကျော် အိပ်စက်ခဲ့ရတယ်လို့ စီစီတီဗွီက ပြောပါတယ်။
တချိန်တည်းမှာပဲ ရှန်ဟိုင်းမြို့က ကိုဗစ်-၁၉ ကပ်ရောဂါကု ယာယီဆေးရုံတွေကနေ ဆင်းလာတဲ့ လူတွေရဲ့ ရုပ်သံကိုလည်း စီစီတီဗွီက ဧပြီ ၁၂ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။
ရပ်ကွက် ၇,၀၀၀ ကျော်ကို ၁၄ ရက်အတွင်း အသစ်ကူးစက်ခံ မရှိဘူးလို့ အစီရင်ခံအပြီး ဘေးနည်းတဲ့ ဒေသအဖြစ် သတ်မှတ်ခဲ့လို့ ဒေသခံတချို့ သီတင်း နှစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ပြင်ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက လူအများအပြားဟာ ကော်မတီရဲ့ ခွင့်ပြုချက်ကို ရဖို့ စောင့်နေရဆဲ ဖြစ်ပါတယ်။