close

စစ်တပ်သတ်ဖြတ်ခဲ့သည့် စစ်ရှောင်ချင်းလူငယ် ၃ ဦးအပါအဝင် ကျဆုံးပြည်သူ ၁,၇၅၀ ထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၁,၇၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၂၃၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၁၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၉၉၆ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မှန်တောကျေးရွာက စစ်ဘေးရှောင် ချင်းလူငယ် ၃ ယောက်ဟာ စစ်ဘေးရှောင်စခန်းကနေ ရွာထဲကို ရိက္ခာသွားယူချိန် အကြမ်းဖက် စစ်အုပ်စုတပ်နဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါချင်းလူငယ် ၃ ယောက်ကတော့ ပူထန်ဘိတ်၊ သူ့ရဲ့ညီ ဆလိုင်းနေဒိမ်ဆန်နဲ့ လျန်ထီယိုတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဧပြီ ၁၁ ရက်ညအချိန်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာက နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူ ဦးအောင်ထူးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up