close

ပခုက္ကူမြို့နယ်နှင့် ရေဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၅ ရက်မွန်းလွဲ ၂ နာရီလောက်မှာ  ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေဆုံးကာ တချို့ ဒဏ်ရာရရှိသွားတယ်လို့  မြိုင်PDF  ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်PDF၊Yoong Force UG၊Earthquake PDF UGနဲ့ PW Generation ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ခံတယောက်က “ဒီကနေ့ မွန်းလွဲပိုင်းက ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်ဗျ။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ပခုက္ကူမြို့ရဲ့ အဓိက အချက်အချာကျတဲ့နေ ရာတွေကို ပိတ်ဆို့စစ်ဆေးနေတာတွေ့ရတယ်”လို့ ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက်က ကိုအောင်ကျော်ဇင်ထွန်း(ခေါ်)ဂျပန်ကြီးကိုလည်း ဧပြီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့မှာ ဧပြီ ၁၄ ရက်ကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးကင်းစခန်းတစ်ခုကို  ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်လို့  ပခုက္ကူPDF   ကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းဘဲလှရွာအနီး နွာကူးချောင်း အနီးမှာလည်း ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ထံက  သိရပါတယ်။

ရေဦးပကဖတာဝန်ရှိသူနတ်စိုးက “ပြည်သူ့ကာကွယ်ရေးတပ်တွေ မရှိလောက်ဘူးအထင်နဲ့ ဒီကောင်တွေ စစ်ကြောင်းထွက်လာ တယ်။ ငါတို့က အဲဒါကို  စနိုက်ပါနဲ့ ထိထိမိမိ အလစ်ဝင်ပစ်နိုင်ခဲ့တယ်။ နောက်ပြီး မောင်းပြန်နဲ့ပါ ပစ်ခတ်ခဲ့တယ်။ အကျဆုံးကတော့ ကိုယ်ဘက်က အကျဆုံးမရှိခဲ့ဘူး။ သူတိုဘက်ကတော့ ရှစ်ဦး အကျဆုံးရှိမယ်”လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up