ကလေးမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ တမူးနှင့် ယင်းမာပင်တွင် ရွာမီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး မြို့ပေါ်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် ခြိမ်းခြောက်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
PDF တွေက သင်္ကြန်တွင်းမှာ စစ်ကောင်စီမဏ္ဍပ်တွေကို တိုက်ခိုက်မယ်လို့ ပြောဆိုထားတဲ့အတွက် မြို့အဝင်အထွက်ကို သင်္ကြန်မတိုင်ခင် ဧပြီ ၁၂ ရက်ကတည်းက စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ကလေးမြို့ပေါ်မှာလည်း လုံခြုံရေးအစောင့်တွေလည်း တိုးမြှင့်ချထားပါတယ်။
ကလေး PDF အဖွဲ့ဝင်တယောက်က "PDF တွေက မြို့ထဲကို အဝင်ပြလိုက်တာ။ သူတို့က ကြောက်အားလန့်အားနဲ့ လျှောက်ထုနေကြတာ။ ဆက်တိုက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်တာ။ ဘာမှတော့မဖြစ်ဘူး။ မြို့အဝင်အထွက်တွေကိုတော့ ပိတ်ထားတယ်။ လုံခြုံရေးတွေ တိုးထားတယ် မြို့ထဲမှာ။ မြို့ပေါ်မှာ အခုမှ စဖြစ်တာလေ။ မြို့ပေါ်မှာ အခုမှ အိမ်တံခါးပိတ်ရကောင်းမှန်း သိတာ။ ရွာပိုင်းတွေမှာ ဖြစ်တာကြာပြီလေ။ မြို့မှာ အခုမှစဖြစ်တာ။ မြို့ပေါ်က ခဏပဲနေမှာပါ။ ကလေးမြို့ပေါ်မှာ စစ်သားက အများကြီးမရှိဘူး။ စစ်ကောင်စီက စခန်းချထားတဲ့ရွာကို မီးရှို့တာ။ အဲဒီမှာ စစ်သားစစ်စစ်ကြီး အများကြီးမရှိဘူး။ နည်းနည်းပဲရှိတယ်။ အဓိကက ပျူစောထီးတွေပဲ လှုပ်ရှားနေတာ။ မူးယစ်ဆေးဝါး ရောင်းချတာကတော့ ပေါ်တင်ပဲ ရောင်းလာတယ်။ ဆေးသမားတွေလည်း များလာတယ်။ လောင်းကစားဝိုင်းတွေလည်း များလာတယ်။" လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ (TSG) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
တမူးမြို့ စော်ဘွား ၆ ရပ်ကွက်ရှိ မြေနီကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ယောက် ဒဏ်ရာရရှိခဲ့ကာ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တမူး PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေက စော်ဘွား ၆ ရပ်ကွက်ရှိ ပြည်သူ့နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့နယ်မှာ သင်္ကြန်အတွင်း အချိန်မရွေး တိုက်ခိုက်မှု ဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ အပြင်ထွက်တာတွေ မပြုလုပ်ဖို့ တမူး PDF က အထူးမေတ္တာရပ်ခံထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရွာစဉ်လှည့်ပြီး အကြမ်းဖက် ပစ်ခတ် မီးရှို့ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာာမှာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအနောက်ဘက်၊ ကံစုရွာကို ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၅ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဘန့်ဘွေးရွာ၊ ရွာမကြီးမှာ စစ်ကောင်စီကအချိန်တလကျော် တပ်စွဲထားပြီး အနီးအနားက တောတိုက်တွေနဲ့ ကျေးရွာတွေကို နေ့စဉ် အကြမ်းဖက် ခြိမ်းခြောက်နေတာပါ။ ဘန့်ဘွေးရွာနယ်မြေကို PDF နယ်မြေလို့ စစ်တပ်က သတ်မှတ်ထားတာကြောင့် အကြမ်းဖက် ခြိမ်းခြောက်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘန့်ဘွေးရွာမြောက်ပိုင်းက ရေသောက်ကန်တောတိုက်ကိုလည်း ဧပြီ ၁၀ ရက် ညပိုင်းမှာ စစ်တပ်က အကြမ်းဖက် မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၃၀ ကျော် မီးထဲပါသွားပါတယ်။
ကံစုရွာသားတဦးက "ရွာမြောက်ဘက်ခြမ်းကနေ စပြီး မီးရှို့တယ်။ တရွာလုံးမှာ အိမ် ၁၅ လုံးလောက် ပါသွားတယ်။ ဘန့်ဘွေး၊ ရေသောက်ကန်တောတိုက်ကို ရှို့သွားတဲ့ကောင်တွေပဲ လာရှို့တာ။ တိုက်ပွဲဖြစ်လို့လည်း မဟုတ်ဘူး။ ပျူစောထီးရွာခံက သတင်းပေးလို့ ရွာကိုလာရှို့တာလား၊ ပြောရတော့ တော်တော်ခက်တယ်။ ကျနော်တို့ရွာက တောင်သူအလုပ်ကိုပဲ အားထားလုပ်တာ။ ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ ရှို့တော့ ဝမ်းနည်းတာပေါ့ဗျာ။ ဒီကောင်တွေကို လစ်ရင်လစ်သလို ပြန်လုပ်ဖို့ အငြိုးတော့ ရှိတာပေါ့ဗျာ။ အိမ်မီးရှို့ခံရသူတွေကတော့ ခံပြင်းစိတ်ရှိတာပေါ့။ ပိုပြီး နာကြည်းသွားတာပေါ့။ အိမ်ယာမဲ့ဖြစ်သွားတော့ တောထဲပုန်းခိုနေရတာပေါ့။ စားဝတ်နေရေး တော်တော်ခက်တယ်ဗျ။" လို့ ပြောပါတယ်။
သင်္ကြန်တွင်းမှာ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေကို အာရုံလွှဲဖို့ စစ်ကောင်စီက မဏ္ဍပ်တွေဆောက်ပြီး ရေကစားခိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြည်သူတွေကတော့ ပူးပေါင်းပါဝင်တာမျိုး မရှိခဲ့ပါဘူး။
စစ်ကိုင်းတိုင်းထဲမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် ပြည်သူတွေဟာ အချင်းချင်းဆက်သွယ်ဖို့နဲ့ သတင်းအချက်အလက် မျှဝေဖို့ အခက်အခဲ တွေ့နေရပါတယ်။
စစ်ကောင်စီက နည်းမျိုးစုံ ပိတ်ဆို့ထားတာကြောင့် စီးပွားရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း ပျက်စီး ရပ်ဆိုင်းနေပါတယ်။
စစ်ကိုင်းအပါအဝင် အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ပြည်သူ ၃ သိန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဧပြီလဆန်းမှာ ထုတ်ပြန်ထားပါတယ်။