ရေဖြူမြို့တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ကျောက်တိုင်လမ်း မြဟေဝန်းပန်းခြံအနီး သင်္ကြန်မဏ္ဍပ်နဲ့ မြို့မရဲစခန်းအကြား လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဒရုန်းမှာ လက်လုပ်ဗုံးသီးတပ်ဆင်ကာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မနက် ၈ နာရီခွဲ ဝန်းကျင်လောက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်ပြီး ဖျော်ဖြေမှုတွေကို ရပ်နားလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရေဖြူမြို့ခံတဦးက "ဒရုန်းနဲ့ ဗုံးလာချတာကို ဒရုန်းကို သူတို့က ပြန်ပစ်တာ မထိဘူး လွှတ်သွားတယ်။ သေနတ်သံတွေကတော့ ဟိန်းသွားတာပဲ“ လို့ ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု ရှိမရှိဆိုတာ မသိရသေးပါဘူး။
ရေဖြူမြို့မှာ စစ်ကောင်စီက ဖျော်ဖြေရေးမဏ္ဍပ်တခုကို သင်္ကြန်အကြိုနေ့က စပြီး သင်္ကြန်အတက်နေ့အထိ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲတွေနဲ့ လောင်းကစားဝိုင်းတွေမှာ မပူးပေါင်း မပါဝင်ကြဖို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။
သင်္ကြန်အကျနေ့ မနက် ၁၀ မှာလည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရဖွဲ့ရုံးအနီးက ဆောက်လုပ်ရေးမဏ္ဍပ်မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။