နေတိုးအဖွဲ့တိုးချဲ့မှု ဥရောပတည်ငြိမ်ရေးကို အားပေးနိုင်ဟု အမေရိကန်ပြော

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးကို တိုးချဲ့တာကသာ ဥရောပ တည်ငြိမ်ရေးကို အားပေး မြှင့်တင်နိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရအဖွဲ့ ပြောခွင့်ရ နဒ်ပရိုက်စ်က ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။
ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုးချဲ့တာဟာ ဥရောပတိုက်ရဲ့ တည်ငြိမ်ရေးကို အားပေး မြှင့်တင်တာလို့ ပရိုက်စ်က နေ့စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးအဖွဲ့ထဲ ဝင်ရင် ယူကရိန်းအရေးမှာ ရုရှားက ထိပ်တိုက်တွေ့တာ ပိုတိုးလာနိုင်မလားလို့ မေးရာမှာ သူက တုံ့ပြန်ဖြေဆိုလိုက်တာပါ။
“နေတိုးဟာ ခုခံကာကွယ်ဖို့နဲ့ ခံစစ်ပြင်ဖို့ ရှိနေတဲ့ ကာကွယ်ရေး မိတ်ဖက် အဖွဲ့ ဖြစ်တယ်၊ နေတိုးဟာ ကိုယ့်ကို လာမတိုက်တဲ့ ဘယ်သူ့အပေါ်မဆို ခြိမ်းခြောက်မှုတရပ် ဖြစ်လာမှာ မဟုတ်ဘူး” လို့ ပရိုက်စ်က ပြောပါတယ်။
ရုရှားကတော့ ဆွီဒင်နဲ့ ဖင်လန်သာ နေတိုးအုပ်စုထဲ ဝင်ခဲ့မယ်ဆိုရင် ရုရှားရဲ့ လုံခြုံရေးတိုးမြှင့်ဖို့ လုပ်ဆောင်ချက်တွေကို စဉ်းစားမယ်လို့ ဧပြီ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။