close

အင်ဒိုပစိဖိတ် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နှင့်အိန္ဒိယ ဆွေးနွေး

အင်ဒိုပစိဖိတ် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးကို  ဧပြီ ၁၁ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ပါတယ်။

၁ နာရီကြာတဲ့ ရုပ်သံဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ မတူခြားနားချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုဒ် အော်စတင်၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ နဲ့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ရာဂျ်နာ့သ် ဆင်းဂ်တို့ ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲ၊ ကိုဗစ်-၁၉ ကပ်ဘေး အဆုံးသတ်ရေး၊ ရာသီဥတု အကြပ်အတည်း၊ လွတ်လပ် ပွင့်လင်း ဒီမိုကရေစီနည်းလမ်းကျပြီး လုံခြုံကြွယ်ဝတဲ့ အာရှ ပစိဖိတ်ဒေသ ထိန်းသိမ်းဖို့ ဆွေးနွေးမယ်လို့ အစည်းအဝေး မစခင် ဘလင်ကန်က ပြောပါတယ်။

ရုရှားဆီက ရေနံပိုဝယ်ရင် အိန္ဒိယအတွက် အကျိုးစီးပွား ဖြစ်မှာ မဟုတ်ဘူး၊ ယူကရိန်း စစ်ပွဲအပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှု အဟန့်အတား ဖြစ်စေနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီကို အစောပိုင်းက ပြောကြားထားပါတယ်။

ရုရှရဲ့ စွမ်းအင်ရင်းမြစ်ကို မှီခိုခြင်းအားဖြင့် ကမ္ဘာမှာ အိန္ဒိယရဲ့ အခြေအနေဟာ ပိုကောင်းလာနိုင်မှာ မဟုတ်ဘူးလို့လည်း ဘိုင်ဒန်က ပြောခဲ့ပါတယ်။ အိန္ဒိယဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းညှိနေရတာလည်း ဖြစ်ပါတယ်။ 

အိန္ဒိယဟာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့လို ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုမလုပ်ဘဲ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းကနေ ခုထိ ရုရှား ရေနံစိမ်းစည် ၁၃ သန်းထက် မနည်းကို ဝယ်ထားပါတယ်။

အိန္ဒိယဟာ ရုရှားဆီက မနှစ်က တနှစ်လုံးမှာ ရေနံစိမ်းစည် ၁၆ သန်းသာ ဝယ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up