အီစတာပွဲတော်ကာလအတွင်း ယူကရိန်းစစ်ပွဲ ခဏရပ်ရန် ကုလအကြီးအကဲ ပန်ကြား

ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲကို အီစတာပွဲတော်ကာလမှာ ခဏရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၁၉ ရက်က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။
အော်သိုဒေါ့ ဘာသာဝင်တွေရဲ့ အီစတာကာလ ၄ ရက်အတွင်း လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အပစ်ရပ်ကြဖို့ ပန်ကြားလိုက်တာပါ။
စစ်ဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ ဒေသက ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ လုပ်ငန်းစဉ် အသေးစိတ်ကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေဟာ မာရီယူပိုမြို့၊ ခါဆန်၊ ဒွန်းနက်ခ်၊ လူ့ဟန့်ခ်တို့က ပြည်သူတွေဆီ လေးရက်အတွင်း ပို့ပေးသွားမယ်လို့ ဆိုပါတယ်။
“ဒီရက်တွေဟာ အော်သိုဒေါ့ အီစတာ ရက်ကြီးခါကြီးဖြစ်ပြီး ယူကရိန်းဘက်မှာရော ရုရှားဘက်မှာပါ ဘာသာရေးပွဲတော်ရက် ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အရမ်းလိုအပ်နေပါတယ်။ လူတွေမှာ စားစရာလည်းမရှိ၊ ရေလည်း ပြတ်နေပါပြီ။ ဒဏ်ရာရသူတွေနဲ့ နေထိုင်မကောင်းသူတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်” လို့ ဂူတာရက်စ်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။