တောင်အာဖရိကရေဘေး သေဆုံးသူ ၄၄၀ ကျော်ရှိလာ၊ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေ

တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းက ရေကြီးမှု ကြုံနေရတဲ့ ဒါဘန်မြို့အနီးဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေကြရပါတယ်။
စစ်တပ်သုံး ရဟတ်ယာဉ်တွေက ကောင်းကင်ကနေ ပျံဝဲနေသလို မြေပြင်မှာလည်း လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို သုံးပြီး ရှာဖွေရေး လုပ်နေပါတယ်။
အခုအချိန်ထိ ရေဘေးနဲ့ ရွှံ့မြေပြိုကျမှုအတွင်း သေဆုံးသွားတဲ့ အလောင်း ၄၄၀ ကျော်ကို တွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။ မနေ့ကတော့ အမ်ဇင်ယာသီ မြစ်ထဲမှာ မိန်းကလေးငယ်တယောက်ရဲ့ အလောင်းကို ထပ်တွေ့ခဲ့ရပါတယ်။
ခွာဇူလူနာတယ် ခရိုင်ထဲမှာ တပတ်ကြာ မိုးသည်းထန်ခဲ့ပြီး အခုလို ရေကြီးမြေပြိုမှုနဲ့ ကြုံလိုက်ရတာပါ။ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းမှာ တောင်အာဖရိကစစ်တပ်က စစ်သားထောင်ချီ အသုံးပြုထားပြီး ဆေးဝါး ထောက်ပံ့ပေးသလို ရဟတ်ယာဉ်တွေကို သုံးပြီး ရှာဖွေရေးနဲ့ နေရာချထားရေးကို ဆက်လုပ်နေတာပါ။
ရေကြီးမှုကြောင့် လူထောင်ချီ အိုးအိမ်တွေ ပျက်စီးသွားသလို လျှပ်စစ်နဲ့ ရေ ပြတ်တောက်နေပါတယ်။