အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု မင်းသား ဂျော်နီဒပ် တရားရုံးတွင်ထွက်ဆို

နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဂျော်နီဒပ်နဲ့ သူ့ရဲ့ဇနီးဟောင်း အမ်ဘာဟတ်ဒ်တို့ ဧပြီ ၁၉ ရက်က ဗာဂျီးနီးယားရုံးတော်မှာ အမှုရင်ဆိုင်ခဲ့ကြပါတယ်။
ဂျော်နီဒပ်ကို ဇနီးဟောင်းဖြစ်တဲ့ ဟတ်ဒ်ကဂျော်နီဒပ်က သူ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်ဆိုပြီး ဝါရှင်တန်ပို့စ် သတင်းစာမှာ ဆောင်းပါးရေးသားခဲ့တာကို ဂျော်နီဒပ်က အသရေဖျက်မှုနဲ့ပြန်ပြီး တရားစွဲထားတာပါ။
သူတို့ နှစ်ယောက် ပေါင်းသင်းခဲ့တဲ့ ကာလမှာ ဒီလိုမျိုး တခါမှ ကျူးလွန်တာ မရှိဘူးလို့ ဂျော်နီဒပ်က တရားရုံးမှာ ငြင်းဆိုပြီး လေးနာရီကြာအောင် လျှောက်လဲချက် ပေးသွားပါတယ်။
ဒီလို စွပ်စွဲခံရတဲ့အတွက် အလွန်အံ့သြမိတယ်လို့ ဂျော်နီဒပ်က အသံတိုးတိုးနဲ့ ပြောသွားပါတယ်။ ဂျော်နီဒပ်ဟာ အသက် ၅၈ နှစ်ရှိနေပြီး၊ ဇနီးဟောင်း အမ်ဘာဟဒ်က ၃၅ နှစ်အရွယ် ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက အမ်ဘာက ဝါရှင်တန်ပို့စ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးမှာ သူဟာ လင်ယောကျ်ားရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုခံဖူးသူ တယောက်အနေနနဲ့ ထည့်သွင်းရေးသားခဲ့တာပါ။
ဒါကို မဟုတ်မမှန်စွပ်စွဲတယ်ဆိုပြီး ဂျော်နီဒပ်ဘက်က အသရေဖျက်မှု လျော်ကြေး သန်း ၅၀ ရလိုမှုနဲ့ တရားစွဲထားတဲ့ အမှု ဖြစ်ပါတယ်။