close

နိုင်ငံရေး အဟောသိကံ မဖြစ်စေဖို့

နိုင်ငံရေးဆိုတာ လူအားလုံးရဲ့ အရေးကိစ္စဖြစ်တယ်။ နိုင်ငံရေး၊ တိုင်းပြည်အရေးဟာ လူတိုင်းရဲ့ ဘဝကိစ္စဖြစ်လို့ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ အာဏာရှင်ရဲ့စစ်ဖိနပ်အောက်က နိုင်ငံရေး ဆိုတာကတော့ လက်နက်အင်အားရှိသူတွေက ခြယ်လှယ်ဗိုလ်ကျတဲ့ အမိန့်ရအာဏာနိုင်ငံရေး ဖြစ်တာမို့ အခွင့်ထူးခံလူတစု ဟန်ရေးပြတဲ့ ပြဇာတ်တပုဒ်လို ဇာတ်တိုက်ထားတဲ့ ခေါင်းညိတ်၊ အလေးပြု လက်ခုပ်တီးတဲ့ အခမ်းအနားသာဖြစ်ခဲ့တာ အားလုံး သိကြပြီးသားပါ။

၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် အသက်ဝင်လာစအချိန်ကနေ ဒီကနေ့ ၂၀၂၂ ခုနှစ်မှာ ကံဇာတာကုန်လု‌နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်လှန်ချေမှုန်းနေကြတဲ့ မြန်မာနွေဦးတော်လှန်ရေးဆိုတဲ့ ပြည်ထောင်စုနိုင်ငံရေးရာ ကိစ္စကြီးမှာတော့ မတရားမှုကို ဆန့်ကျင်ဖို့ ဘုံရန်သူကို ဖယ်ရှားဖို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအယူဝါဒမျိုးစုံ သက်ဝင်ယုံကြည်သူတွေ၊ မျိုးဆက်ပေါင်းစုံဟာ နိုင်ငံရေးအသိ၊ နိုင်ငံရေးရေချိန်အမျိုးမျိုး၊ အသိအမြင်အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ ခံစားချက်၊ နာကြည်းချက်အမျိုးမျိုးနဲ့ ဆယ်စုနှစ် ၆ စုအတွင်း အသွင်သဏ္ဌာန်အမျိုးမျိုး၊ ရည်မှန်းချက်အမျိုးမျိုးနဲ့ ပါဝင်တော်လှန်ခဲ့ကြပါတယ်။

ကာလရှည်ကြာခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဒီမိုက‌ရေစီနိုင်ငံရေးခရီးစဉ်တလျှောက်မှာ နေရာစုံ ကဏ္ဍစုံကနေ ပါဝင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်၊ ရှင်ရဟန်း‌တွေနဲ့ ပေါ်ထွန်းခဲ့တဲ့ တော်လှန်‌ရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့စုံထဲမှာ အများစုကတော့ တော်လှန်ရေး ရေစီးကြောင်းကြီးထဲမှာ ထက်ကြပ်မကွာ လိုက်ပါနိုင်ခဲ့ကြသလို၊ တချို့သော လူပုဂ္ဂိုလ်၊ ရှင်ရဟန်း တော်လှန်‌ရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ကတော့ တော်လှန်ရေးအမှိုက်သရိုက်တွေအဖြစ် ကမ်းပေါ်တင်ကျန်ရစ်ခဲ့ကြ၊ သမိုင်းအမှိုက်ပုံအဖြစ်နဲ့ အပုပ်နံ့ တထောင်းထောင်းထပြီး နိုင်ငံရေးဘဝဆုံးသွားခဲ့ကြတာ အများပြည်သူတွေရဲ့ မျက်စိရှေ့မှာတင်ပဲ ဖြစ်ပါတယ်။ 

အဲဒီလို ပြည်သူ့တော်လှန်ရေးရဲ့ အညစ်အကြေးဘဝနဲ့ အဆုံးသတ်သွားရသူတွေ၊ တနည်းအားဖြင့် အစပိုင်းမှာ တော်လှန်‌ရေးရဲ့အစိတ်အပိုင်းအဖြစ် ထင်ရှားစွာ ပါဝင်ခဲ့ကြပါလျက် နိုင်ငံရေး အဟောသိကံ ဖြစ်ရသူတွေရဲ့ လုပ်ရပ်သမိုင်းတွေကို ပြန်လည်စောင်းငဲ့လို့ ကြည့်လိုက်ရင် ထင်ရှားစွာ တွေ့မြင်နိုင်တဲ့ အချက်ကတော့၊ ပြည်သူလူထုကို ဗဟိုမပြုခြင်း၊ ပြည်သူနဲ့ ကင်းကွာသွားခြင်း၊ ပြည်သူ့ဆန္ဒကနေ သွေဖည်သွားခြင်းဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ ဗုဒ္ဓဟောကြားခဲ့တဲ့တရားမှာ ပါဝင်တဲ့ အဟောသိကံအကြောင်း အနည်းငယ် ရေးပြလိုပါတယ်။

အဟောသိကံဆိုတာ လူတဦးအားထုတ်ကျုးလွန်ခဲ့ပေမဲ့ ဖြစ်ရုံသာဖြစ်ပြီး အကျိုးမပေးတော့တဲ့ ကံ ဖြစ်ပါတယ်။ နှမြောစရာကံလို့ အဓိပ္ပာယ်ဖွင့်နိုင်မယ် ထင်ပါတယ်။ အဟောသိကံ ၃ မျိုး ရှိပါသတဲ့။

အလုပ်တစ်ခု ကံတစ်ခုကို ကျူးလွန်ချိန်မှာ ပေါ်လာတဲ့ ဇောခုနစ်ချက်ထဲက ပထမဇောက အားကောင်းပြီး အတိတ်ကံလည်းရှိရင် မျက်မှောက်ဘဝမှာပဲ အကျိုးပေးပါသတဲ့။ ဥပမာပြုရရင်- ချောင်းထဲမှာ အတိတ်ကံဆိုတဲ့ ရေအသင့်အတင့်ရှိနေတုံး ပစ္စုပ္ပန်ကံရဲ့ ပထမဇောဆိုတဲ့ မိုးရွာချခြင်းကြောင့် အရှိန်အဟုန်နဲ့ ရေစီးခြင်းဆိုတဲ့ အကျိုးပေးမှု ဖြစ်ပေါ်ပါတယ်။

ပထမဇောက ပေးခွင့်မရှိလို့ရှိရင် ‘အဟောသိကံ’ ဖြစ်ပြီး အကျိုးမပေးတော့ဘူးလို့ ဆိုပါတယ်။ နောက်တစ်ခါ သတ္တမဇောက ဒုတိယဘဝမှာ အခွင့်မရ အကျိုးမပေးရင် အဟောသိကံတွေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ နောက်အဟောသိကံမျိုးကတော့ အလယ်ဇော ၅ ချက်ဟာ နိဗ္ဗာန်မရောက်မချင်း အခွင့်သာတိုင်း သံသရာ ဘဝတလျှောက်လုံး လိုက်ပါအကျိုးပေးတယ်လို့ ဆိုပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားရင်တော့ အဲဒီအလယ်ဇော ၅ ချက်က ဆက်အကျိုးမပေးနိုင်တော့ဘဲ အဟောသိကံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

ဒီကနေ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံကြီး‌ပေါ်မှာ နိုင်ငံရေးအဟောသိကံ ဖြစ်သွားရတဲ့ လူပုဂ္ဂိုလ် ရှင်ရဟန်းတွေထဲမှာ ထင်ရှားသူတွေကတော့ သီတဂူဘုန်းကြီးနဲ့ အင်းစိန်ရွာမဆရာတော် ဆိုတဲ့ မဘသဥက္ကဋ္ဌဘုန်းကြီးပါပဲ။ ၁၉၈၈ လူထုအရေးတော်ပုံကာလနဲ့ တော်လှန်ရေးခရီးမှာ သီတဂူတို့ အင်းစိန်ရွာမဦးတိလောကတို့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြဖူးတာမို့ အများပြည်သူက ကြည်ညိုလက်ခံခြင်း ခံခဲ့ရဖူးပါတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်လို့ ပြည်သူနဲ့မကင်းကွာခဲ့ဘဲ မတရားမှုကို လက်မခံခဲ့ကြတာမို့ တော်လှန်ရေးရေစီးကြောင်းကြီးထဲ ပြည်သူနဲ့ တသားတည်း အရှိန်ဟုန်ပြင်းစွာ စီးမျောခဲ့ကြဖူးပါတယ်။ 

အခုဒီတစ်ခေါက် ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ပြည်သူကို ကျောခိုင်းလို့ စစ်အာဏာရှင်တွေနဲ့ အတူ ရပ်တည်ခဲ့ကြတာဟာ နဂိုကတည်းက နိုင်ငံရေးအသိ မမှန်တာလား၊ လာဘ်လာဘနဲ့ မင်းဆရာ ဖြစ်ချင်တဲ့ အတ္တလောဘက အသိဉာဏ်ကို အမှောင်ဖုံးသွားတာလား ဆိုတာက‌တော့ ကာယကံရှင်တွေက ပိုသိနိုင်မှာပါ။ 

သေချာတဲ့အချက်ကတော့ လူတမျိုး တဘာသာ အရေးကို ပြည်ထောင်စုအရေးရဲ့အရှေ့မှာ ထားပြီး ပြည်သူ့ရဲဘုံရန်သူနဲ့အတူ ရပ်တည်ပြီး ပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ်တာကို ထောက်ခံအားပေးတဲ့သူ ဖြစ်သွားရတာဟာ ပြည်သူလူထုကို ဗဟိုမပြုခြင်း၊ ပြည်သူနဲ့ ကင်းကွာသွားခြင်း၊ ပြည်သူ့ဆန္ဒကနေ သွေဖည်သွားခြင်း မဟုတ်ပါလား။ 

ဒါကြောင့်လည်း သီတဂူဘုန်းကြီးနဲ့ အင်းစိန်ရွာမဘုန်းကြီးတို့ဟာ ယခင်ပြုခဲ့သမျှ သမိုင်းအစဉ်အလာတွေ၊ ပါဝင်အားထုတ်မှုတွေဟာ နိုင်ငံရေးအဟောသိကံ ဖြစ်ပြီး ပြည်သူလူထု အမုန်းနဲ့ စွန့်ပစ်ခြင်းကို ခံရလို့ တော်လှန်ရေး အမှိုက်သရိုက်တွေအဖြစ် ကမ်းပေါ်တင် ကျန်ရစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုပါပဲ၊ နှစ်ရှည်လများ တော်လှန်‌ရေးရေစီးကြောင်းထဲမှာ အတူလိုက်ပါကူးခပ် စီးမြောလာခဲ့ကြရင်း လမ်းခုလပ်မှာ တော်လှန်ရေးအမှိုက်သရိုက်တွေအဖြစ် ကမ်းပေါ်တင် ကျန်ရစ်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ သတင်းမီဒီယာဌာနတွေလည်း ရှိပါတယ်။

အဲဒီထဲမှာ လူသိများတာကတော့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်ဟောင်း ကိုကိုကြီးပါပဲ။ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာရမယ်ဆိုတဲ့ အယူအဆကို တရားသေမှတ်တဲ့သဘောမျိုး ဖြစ်ပြီး ကာလံ ဒေသံ အဂ္ဃံ ဆိုတဲ့ အခြေအနေ၊ နေရာ‌ဒေသ၊ အချိန်အခါ လိုအပ်ချက်ကိုက်ညီမှုမရှိဘဲ ‌တာဝန်မယူတတ်တဲ့ တာဝန်မဲ့ သစ္စာမဲ့၊ ကတိမတည်တဲ့ စစ်အာဏာရှင်တွေနဲ့ ပြည်သူလူထုကို ရင်ကြားစေ့လိုတဲ့သဘောဟာ ပြည်သူနဲ့ကင်းကွာ ပြည်သူ့ဆန္ဒကနေ သွေဖည်ခဲ့လို့ပါပဲ။ 

စိတ်ဓာတ်ညံ့ဖျင်းလို့ ဖြစ်စေ၊ သီလပျက်ယွင်းလို့ ဖြစ်စေ နိုင်ငံရေးအသိ ခံယူချက်မမှန်လို့ ဖြစ်စေ၊ အတ္တလောဘ၊ မာန်မာန၊ အသိဉာဏ်ခေါင်းပါးမှုတွေကြောင့် နှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြရင်း နိုင်ငံရေးအဟောသိကံဖြစ်လို့ ပြည်သူရဲ့ စွန့်ပစ်တာခံရပြီး သမိုင်းအမှိုက်ပုံထဲ ကျကုန်သူတွေတချို့ကို ရေးရရင် စကစခန့် ပြည်‌ထောင်စုဝန်ကြီး သက်သက်ခိုင်၊ NDF က ဦးခင်မောင်ဆွေ၊ ကော့ကရိတ်ဦးသိန်းညွန့်၊ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဇေယျ၊ စစ်အာဏာသိမ်းဖို့ တိုက်တွန်းတဲ့ ကြံ့ခိုင်ရေးပါတီနဲ့တကွ အလိုတူအလိုပါ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ မဲမရကြတဲ့ နိုင်ငံရေးပါတီ ၂၁ ပါတီ၊ စစ်ကောင်စီနဲ့အတူ ရပ်တည်ကြတဲ့ တော်လှန်ရေးဇာတ်ပျက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြည်သူက လက်မခံတော့တာကြောင့် နိုင်ငံရေးအဟောသိကံ ဖြစ်ကုန်ကြရတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြသူတိုင်းအတွက် အထက်မှာ ရေးပြခဲ့တဲ့ နိုင်ငံရေးအဟောသိကံ ဖြစ်သွားသူတွေရဲ့ အဖြစ်အပျက်တွေဟာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။

NLD ပါတီအမတ် ခေါင်းဆောင်ဖြစ်ဖြစ်၊ NUG ခေါင်းဆောင်ပိုင်းဖြစ်ဖြစ်၊ CRPH, CDM ဝန်ထမ်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ဖြစ်၊ ဗကသကျောင်းသားဖြစ်ဖြစ်၊ ရက်ပေါင်း ၄၀၀ ကျော် မပျက်မကွက် လမ်းပေါ်တက် ဆန္ဒပြသူဖြစ်ဖြစ် တော်လှန်ရေးအတွက်အလှူငွေ သန်းချီလှူသူ ဖြစ်ဖြစ်၊ ဘဝတွေစွန့်ပြီး တော်လှန်ရေးမှာ ရင်းနှီးပေးဆပ်ခဲ့သူဖြစ်ဖြစ်၊ ကျော်ကြားသူ ဆယ်လီဖြစ်ဖြစ်၊ သတင်းမီဒီယာတွေဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေဖြစ်ဖြစ်၊ စစ်မှန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် မိမိတို့ လုပ်ဆောင်ခဲ့သမျှ အကျိုးမဲ့ အရာမထင်ချင်ဘူး၊ နိုင်ငံရေးအဟောသိကံ မဖြစ်ချင်ဘူးဆိုရင် ပြည်သူနဲ့ မကင်းကွာဖို့၊ ပြည်သူကို ဗဟိုပြုဖို့၊ မိမိအတ္တအလိုဆန္ဒကို ပြည်သူအများစုဆန္ဒရှေ့မှာ မထားမိစေဘို့၊ လူမျိုးတမျိုး၊ ဘာသာ တဘာသာအရေးကို ပြည်ထောင်စုတခုလုံးအရေးရဲ့ရှေ့မှာ မထားမိစေဖို့ အလွန်အရေးကြီးပါကြောင်း စေတနာရှေ့ထားလို့ လေးနက်စွာ သတိပေးလိုပါတယ်။

ဒါကြောင့်လည်း လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  “နောက်ဆုံးကျတော့ ပြည်သူ့ဆန္ဒက အဓိကပါပဲ။ ပြည်သူလူထုကြီး မပါဝင်ရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး” လို့ ထပ်ကာထပ်ကာ သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

နွေဦးတော်လှန်‌ရေးကြီးနဲ့ နိုင်ငံအရေးမှာ ပါဝင်ပြီး သမိုင်းဝန်ထမ်းကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း၊ ပါတီအဖွဲ့အစည်းတိုင်း၊ သတင်းမီဒီယာတိုင်း နိုင်ငံရေးအဟောသိကံ မဖြစ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံသစ် တည်နိုင်တဲ့အထိ တော်လှန်ရေးရေစီးကြောင်းထဲမှာ ပြည်သူလူထုအများစုနဲ့အတူ လိုက်ပါစီးမျောလို့ လိုရာပန်းတိုင်ရောက်နိုင်ကြ‌ပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း။

မင်းကောင်းချစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up