close

မြန်မာ့ရွှေစျေး တကျပ်သားကို ကျပ် ၂၁ သိန်းနီးပါးအထိ မြင့်တက်

ဗဟိုဘဏ်ရဲ့ သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ရန်ကုန်တိုင်းရွှေအသင်းက ဆုံးဖြတ်ထားပေမဲ့ သင်္ကြန်အပြီး ရွှေစျေးကွက် ပြန်ဖွင့်ချိန်မှာ ကျပ် နှစ်သောင်းကျော် ထပ်မံမြင့်တက်လာခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက် ရန်ကုန်ရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀၇၈၀၀၀ နဲ့အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၇ ရက်နေ့က တစ်ကျပ်သားကို ကျပ် ၂၀၅၀၀၀၀နဲ့ စျေးပိတ်ခဲ့တာပါ။ ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက်နှုန်းနဲ့ တွက်ချက်ပြီး  ရွှေစျေးနှုန်းသတ်မှတ်ရင် သင်္ကြန်အပြီး  အကျစျေးနဲ့  စျေးဖွင့်လာနိုင်မယ်လို့ စျေးကွက်လေ့လာသူတွေက ခန့်မှန်းထားကြပေမဲ့ စျေးကထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေစျေး တွက်ချက်ရာမှာ ဒေါ်လာစျေးနှုန်းအပြင် နယ်စပ်ငွေကြေးလဲလှယ်နှုန်းတွေပါ ထည့်သွင်း တွက်ချက်ရတာဖြစ်လို့ စျေးနှုန်းမကျဆင်းတာလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြည်တွင်း မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပက ဝင်ရောက်တဲ့ နိုင်ငံခြားငွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်း မြန်မာငွေလဲလှယ်ဖို့ ဧပြီ ၄  ရက်နေ့မှာ  ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက် ဗဟိုဘဏ်ရဲ့ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့  ရန်ကုန်တိုင်းရွှေအသင်းက ဧပြီ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပေမဲ့ ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ ပိုမြင့်တက်လာခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက် မတိုင်ခင်က ပြည်တွင်းရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်၂၀၄၀၀၀၀ အထက်မှာရှိခဲ့ပြီး  ဒီနေ့မှာ  ကျပ် ၂၀၇၃၈၀၀ ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up