close

လူရွှင်တော် ကောင်းကျော်ကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဖမ်းဆီး

Photo : U Kaung Kyaw Facebook

ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်ကို ရန်ကုန်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

သာကေတမြို့နယ်ရှိ သူ့ရဲ့နေအိမ်မှာ ဧပြီ ၁၉ ရက်ညက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇနီးဖြစ်သူကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆုတောင်းပေးရုံသာ တတ်နိုင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို အသိပေးထားပါတယ်။

ဟာသသရုပ်ဆောင် လူရွှင်တော်ကောင်းကျော်ဟာ လူရွှင်တော် ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ထက်ထက်တို့နဲ့အတူ ဖွဲ့စည်းထားတဲ့ ရွှေညီကိုအငြိမ့်အဖွဲ့မှာ ပါဝင်သူတဦးဖြစ်ကာ ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာ ရှိသူ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

ခုလိုဖမ်းဆီးခံရမှုဟာ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးတဲ့ ဟန်ငြိမ်းဦး အမည်ရ အကောင့် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေခဲ့အပြီးမှာ ၂ ရက်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဝေဖန်ပြောဆိုနေကြပါတယ်။ 

အဆိုပါ အကောင့်မှာတော့ လူရွှင်တော် ကောင်းကျော်ဟာ တော်လှန်ရေး လူရွှင်တော်အဖွဲ့အဖြစ် နာမည်ကြီးတဲ့ ဟားငါးကောင်အဖွဲ့နဲ့ အဆက်အသွယ်ရှိကြောင်း၊ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲရေးသားထားတာ တွေ့ရပါတယ်။

လူရွှင်တော်ကောင်းကျော်ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းရေးသားထားပါတယ်။

“ကောင်းကျော်နဲ့ ဟားငါးကောင်က တဖွဲ့တည်းတွေတဲ့။ ဟုတ်ရဲ့လား ဟန်ငြိမ်းဦးရယ် သေချာလို့ လား။ အခုထိလည်း အဆက်သွယ်ရှိနေတုန်းတဲ့။ အဲ့ဒီအချက်ကတော့ ဝန်ခံတယ်၊ နဂိုကတည်းက fb မှာ fri တွေဖြစ်နေတော့ ဟားငါးကောင်နဲ့လဲအဆက်သွယ်ရှိတယ်။ ဖိုက်စတားနဲ့လဲရှိတယ်။ သီးလေးသီး နဲ့လဲရှိတယ်။ ခင်လှိုင်နဲ့လဲ ရှိတယ်။ ဒိန်းဒေါင်နဲ့လဲအဆက်သွယ်ရှိတယ်။ အုန်းသီးနဲ့လဲရှိတယ်။ လူရွှင်တော်အတော်များများနဲ့ သူတို့ဘက်က ဘလော့တာ မဟုတ်ခဲ့ရင်တော့ အကုန်အဆက် အသွယ်ရှိတယ်။ (ကိုကစပီးတော့ ဘယ်လူရွှင်တော်မှ မဘလော့ဘူး)။ ဘာတဲ့ ဟားငါးကောင်ကို နောက်ကွယ်ကနေ ပံ့ပိုးပီး ထောက်ပို့ လုပ်နေတယ် တဲ့(သေချာရဲ့လားဟန်ငြိမ်းဦးရယ်)။ အဲ့အချက်လောက်ရီစရာကောင်းတာတွေမရှိတော့ဘူး။”

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ၊ နာမည်ကြီးဆယ်လီတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ ပြည်သူတွေ ဘယ်သူ့ကိုမဆို ကြုံသလိုဖမ်းဆီး သတ်ဖြတ်မှုတွေကို တောက်လျှောက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဟာသလူရွှင်တော် သရုပ်ဆောင် ဆင်မကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up