ဝီကီလိခ်စ်တည်ထောင်သူကို အမေရိကန်သို့ လွှဲပြောင်းပေးရန် ဗြိတိန်တရားရုံး အမိန့်ထုတ်

ဝီကီလိခ်စ်တည်ထောင်သူ ဂျူလီယံ အာဆန်ကို သူလျှိုမှု စွဲချက်တွေကို ရင်ဆိုင်နိုင်ရေး အမေရိကန်နိုင်ငံဆီကို လွှဲပေးဖို့ ဗြိတိန်နိုင်ငံ ဝက်စ်မင်စတာ ခရိုင်တရားရုံးက ဧပြီ ၂၀ ရက်မှာ တရားဝင် အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အာဆန်ရဲ့ ရှေ့နေတွေက တရားရုံးဆုံးဖြတ်ချက်ကို ၁၄ ရက်အတွင်း အယူခံဝင်နိုင်တာကြောင့် တရားခံလွှဲပြောင်းရေးကိစ္စကို အတည်ပြုမလားဆိုတာ ဆုံးဖြတ်ဖို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရစ်တီး ပတေးအပေါ် မူတည်နေပါတယ်။
အာဆန်ကို အမေရိကန်ဆီ လွှဲအပ်ရေး အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ရေး ခွင့်မပြုဖို့ ဗြိတိန်တရားရုံးချုပ်က အရင်လက ငြင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အာဖဂန်နစ္စတန်၊ အီရတ်စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ရာနဲ့ချီတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို WikiLeaks က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၅၀ အရွယ် အာဆန်ကို အမေရိကန်အစိုးရက အလိုရှိနေတာပါ။
ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာ ၂၀၀၇ ခုနှစ်က ဘဂ္ဂဒက်မြို့ လမ်းမတွေပေါ်မှာ အမေရိကန်စစ်တပ်က ရိုက်တာသတင်းထောက်တွေနဲ့ ကလေးတွေကို ပစ်သတ်ခဲ့တဲ့ Apache ရဟတ်ယာဉ်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းလည်း ပါပါတယ်။