close

ကြေးနီစီမံကိန်းများကို တိုက်ဖျက်သွားမည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကြေညာ

ကြေးနီစီမံကိန်းတွေ ပြန်စဖို့လုပ်တဲ့ ဘယ်လုပ်ရပ်၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်ရှင်းလင်း ဖယ်ရှားပြီး ကြေးနီစီမံကိန်းကို တိုက်ဖျက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာပါတယ်။

စစ်အုပ်စုပိုင် ကုမ္ပဏီတွေမှာ လုပ်ကိုင်နေကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း မေ ၅ ရက်နေ့ နောက်ဆုံးထား CDM ဝင်ပေးကြဖို့ အဖွဲ့ ၁၆ ခု ဒီနေ့ ပူးပေါင်းထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဘဏ္ဍာရေသောက်မြစ် လက်တက်တခုကို ဆွဲနုတ်ဖယ်ရှားဖို့အတွက် ဘယ်လိုတိုက်ခိုက်ရေး နည်းလမ်းကိုမဆို စတင်ကျင့်သုံးတော့မယ်လို့ ဒေသတွင်း ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်သူ အားလုံးကိုလည်း အသိပေးလိုက်ပါတယ်။

ဒေသတွင်း ကြေးနီစီမံကိန်းတွေဟာ ဟိုအရင်ကပဲ ဒေသခံပြည်သူတွေနဲ့ တရားမျှတမှုကို တောင်းဆိုကြတဲ့ အင်အားစုတွေရဲ့ နှစ်ရှည် ဆန့်ကျင်ခံခဲ့ရတဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

‌ဒေသတွင်း ကြေးနီစီမံကိန်းတွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေဟာ စစ်အာဏာရှင်တို့ရဲ့ ကိုယ်ကျိုးစီးပွား သက်သက်ကိုပဲကြည့်ပြီး တိုင်းပြည်အကျိုးနဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်ရေးကို ကိုယ်စားပြုတာ မရှိဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီလုပ်ငန်းဟာ စစ်အာဏာရှင်စနစ်ရဲ့ ဘဏ္ဍာရေသောက်မြစ်ထဲက တခုဖြစ်တာ၊ အာဏာရှင် ထိပ်သီးတွေနဲ့ စစ်ခရိုနီတွေရဲ့ ခါးပိုက်ဆောင်စီမံကိန်းဖြစ်တာ၊ ကြေးနီမံကိန်းတွေဟာ တိုင်းပြည်အကျိုး၊ ဒေသခံပြည်သူတွေ အကျိုးရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မပြနိုင်တာတို့ကြောင့် ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားဖို့အတွက် ပြည်သူတွေ လက်နက်စွဲကိုင် တိုက်ပွဲဝင် ဆင်နွှဲနေချိန်ဖြစ်ပြီး တော်လှန်စစ်ဒေသ စစ်နယ်ဝန်းဟာ ဆားလင်းကြီးမြို့နယ် ဒေသတွင်း ကြေးနီစီမံကိန်းဒေသတွေ အပါအဝင် ဖြစ်သလို စစ်အုပ်စုပိုင် ဦးပိုင်-ယန်စီကုမ္ပဏီလီမိတက်နဲ့ ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်တဲ့ ဒေသတွင်း စီမံကိန်းတွေကို ဘယ်အကြောင်းပြချက်နဲ့မှ တော်လှန်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်ခွင့် မပြုနိုင်ဘူးလို့ ဆင်ခြင်ဆုံးဖြတ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပြည်သူတွေအနေနဲ့လည်း မကူညီ၊ မထောက်ပံ့ဘဲ တော်လှန်ရေးကို ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up