close

အေအေနှင့်ဆက်နွှယ်မှုဖြင့် မောင်တော ဒေသခံ ၂ ဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချ

ရက္ခိုင်တပ်တော် (အေအေ)နဲ့  ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)နဲ့ တရားစွဲခံထားရတဲ့ မောင်တောမြို့နယ်က ဒေသခံ နှစ်ယောက်ကို  ဧပြီ ၂၁ ရက်မှာ မောင်တောခရိုင် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ မောင်တောမြို့ ၃ ရပ်ကွက်နေ ကိုညီညီနိုင်နဲ့ မောင်တောမြို့နယ် ငွေတောင်ကျေးရွာသား  ဦးအောင်လှသိန်းတို့ ဖြစ်ကြပါတယ်။

ကိုညီညီနိုင်ရဲ့ မိသားစုဝင် တစ်ဦးက "ဒီနေ့မှာ သူတို့ နှစ်ဦးကို အကြမ်းဖက်မှုနဲ့ မောင်တောခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ တစ်ပေါင်းတည်းခံစားခွင့်ရှိတယ်လို့ပြောတယ်။ သူက အေအေ နဲ့လည်း ဆက်စပ်တာမဟုတ်ဘူး ပန်းထိမ်အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်" ပြောပါတယ်။

ကိုညီညီနိုင်ကို ပြီးခဲတဲ့ ၂၀၂၀ ပြည့်နှဏ် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတာလဲဆိုတာကို မသိခဲ့ရဘူးလို့ အစ်ကိုဖြစ်သူကပြောပါတယ်။

ဦးအောင်လှသိန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလဆန်းပိုင်းက ပြင်ဖြူရဲစခန်းက လမ်းပြုပြင်ဖို့ ခေါ်ယူကာ ဖမ်းဆီးသွားတာဖြစ်ပြီး  ပြင်ဖြူရဲစခန်းမှူးက တရားလိုလုပ်ကာ မောင်တောခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀(ဈ) တရားစွဲဆိုခဲ့တာလို့ မိသားစုဝင်တွေကပြောပါတယ်။

ကိုအောင်လှသိန်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၄ ရက်က ငွေတောင်ကျေးရွာအနီး မိုင်းဖောက်ခွဲတယ်လို့စွပ်စွဲဖမ်းဆီးကာ အကြမ်းဖက် ဥပဒေပုဒ်မ၅၀(စျ)နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတာဖြစ်ပြီး ကိုညီညီနိုင်ကတော့ မောင်​တောမြို့ ၆မိုင်မှာ မိုင်ထောင်တယ်ဆိုတဲ့ သံသယနဲ့ ၂၀၂၀ မတ်လ ၂၅ ရက်မှာ ဖမ်းဆီးခံရကာ အကြမ်းဖက်ဥပဒေပုဒ်မ၅၀(စျ)အပြင်ကို အောင်လှသိန်းနဲ့ ပူးပေါင်းပါအမှု ၂ မှုပေါင်း ၁၀ နှစ်ချမှတ်ခံခဲ့ရတာလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတွေက ပြောဆိုပါတယ်။

ခုလိုထောင်ဒဏ်ချလိုက်တဲ့အပေါ် အပေါ် မောင်တောဒေသခံတစ်ဦးက" ဒါကတော့ တရားလွန်သွားပြီ။အေအေ နဲ့ ဆက်စပ်တဲ့အကြမ်းဖက်အမှုတွေကို အားလုံးလွှတ်ပေးရမယ်လေ။ အေအေကိုအကြမ်းဖက်အဖွဲ့အဖြစ်ကနေ တရားဝင် ဖျက်ထားတာလေ။"လို့ ပြောပါတယ်။

လက်ရှိမှာ သူတို့ နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့  မိသားစုဝင်တွေကပြောပါတယ်။

ရက္ခိုင်တပ်တော်ကိုပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပြန်ရုပ်သိမ်းပေးခဲ့ပေမဲ့ အေအေနဲ့ ဆက်စပ်တယ်ဟု ဆိုကာ ဖမ်းဆီး တရားစွဲခံထားရသူ ၄၀ ကျော်လောက်ကျန်နေသေးတယ်လို့  နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up