close

စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင်တိုက်ပွဲဖြစ်၊ စစ်တပ်မီးရှို့သဖြင့် ပုလဲမြို့နယ်က နေအိမ် ၉၀ ကျော် ဆုံးရှုံး

စစ်ကိုင်းတိုင်း မြို့နယ်အချို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

ပုလဲမြို့နယ် သတင်းကျေးရွာမှာ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် မီးရှို့တာကြောင့် နေအိမ် ၉၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ် Golden Triangle Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေသခံတဦးက “နေ့လယ် ၁ နာရီလောက်မှာ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ နာရီဝက်လောက်ကြာမှ ရွာထဲဝင်လာပြီး အိမ်တွေကို မီးရှို့တော့တာပဲ။ အမျိုးသားတဦးကိုလည်း ဖမ်းပြီး သတ်သွားတယ်။ ဘာလို့မီးရှို့တယ်၊ သတ်တယ်ဆိုတာကတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် သတင်းကျေးရွာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။

ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခွဲလောက်မှာလည်း  အရာတော်မြို့နယ်မြောက်ပိုင်း၊ နောင်ကြီးအိုင်ရဲစခန်းကနေ ကျွန်း‌ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးကျဆုံးကာ ကျည်မဂ္ဂဇင်းဘောက် ၁ ခု၊ ၇.၆၂ ကျည်အချို့နဲ့ ၅.၅၆ ကျည်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုတိုက်ပွဲကို အရာတော်ပကဖ၊ ‌နယ်မြေခံတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၊ ရွှေဘိုပကဖနဲ့ ဒီပဲယင်းပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ကြပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

တန့်ဆည်မြို့‌နယ် ခွေးနတ်ချောင်းအနီးမှာလည်း စစ်ကောင်စီတပ် လိုက်ပါလာတဲ့ Forland ကားတစီး ဧပြီ ၂၀ ရက် နေ့လယ် ၁ နာရီလောက်က မိုင်းဆွဲခံခဲ့ရပါတယ်။

ဒေသခံ မျက်မြင်တဦးက “မိုင်းအဆွဲခံရတာက တန့်ဆည်မြို့နဲ့ ဆင်ငယ်ကျေးရွာအကြားမှာ အဆွဲခံလိုက်ရတာ။ သူတိုသွားပြီး မကြာဘူး၊ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ခဏနေတော့ နောက်ထပ်ကားတစီး တန့်ဆည်မြို့နယ် ရဲစခန်းကနေ အပြေးမောင်းသွားတာ ကျနော်ကိုယ်တိုင် မြင်လိုက်ရတယ်။ ဒဏ်ရာရသူတွေ သယ်လာတာ မြင်လိုက်ရတယ်။ ကားကတော့ နေရာတင် ပျက်စီးတယ်လို့ မြင်ခဲ့တဲ့သူတွေကတော့ ပြောတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို တန့်ဆည် PDF တပ်ရင်း ၇ က Phoenix နဲ့ KPK တပ်ဖွဲ့၊ TSR၊ မူးမြစ်ဝှမ်းလွင်ပြင်အဖွဲ့နဲ့ ပလဖတို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အကျအဆုံးမရှိဘူးလို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up