စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာနိုင်ငံရေး မတည်ငြိမ်

သီရိလင်္ကာမှာ စီးပွားရေး အကျပ်အတည်းအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်လို့ ပြည်လုံးကျွတ် မငြိမ်မသက် ဖြစ်နေတာပါ။
သီတင်းပတ်တွေအတွင်း ပထမဆုံးအနေနဲ့ လူသေဆုံးပြီးတဲ့နောက် ဆန္ဒပြသူတွေနဲ့ ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့တာတွေကို ရဲတွေက ဘက်မလိုက်ဘဲ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးမယ်လို့ သမ္မတက ဧပြီ ၂၀ ရက်က ပြောလိုက်ပါတယ်။
ဧပြီ ၁၉ ရက်က မြို့တော် ကိုလံဘိုရဲ့ အရှေ့မြောက်ဘက် ရမ်ဘက်ခါနာမြို့မှာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက ကျည်အစစ်တွေကို သုံးခဲ့လို့ လူတယောက် သေဆုံးပြီး တဒါဇင်လောက် ဒဏ်ရာရပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာနဲ့ တခြားကုန်စည်တွေ ပြတ်လပ်ပြီး လျှပ်စစ်ဓာတ်အား ကာလကြာရှည် ပြတ်တောက်နေလို့ ပြည်သူတွေ သည်းမခံနိုင်ဖြစ်ပြီး ဆန္ဒပြနေတာ သီတင်းပတ်တွေနဲ့ ချီပြီး ကြာနေပါပြီ။
ဆန္ဒပြသူတွေက ရထားလိုင်းကို ပိတ်ဆို့ပြီး ရထားလမ်း ပေါ်မှာ လောင်စာသယ်ယာဉ်ကို ကန့်လန့် ဖြတ် ရပ်ထားအပြီးမှာ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေနဲ့ အစိုးရ ဝန်ကြီးတယောက်က ပြောပါတယ်။
လူသေတဲ့အထိ ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် အယောက် ၂၀ ပါတဲ့ အဖွဲ့ကို ဖွဲ့စည်းထားပြီး လူတယောက်ကို ဖမ်းထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးတန်း ပြောခွင့်ရက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၁ နှစ်အရွယ် ကေဒီ ချာမင်ဒါ လခ်ရှန် ဆိုသူဖြစ်ပြီး မော်တော်ဆိုင်ကယ် ဓာတ်ဆီဖြည့်ဖို့ သွားရင်း အဓိကရုဏ်းမှာ ကြားညှပ်ခဲ့တာလို့ သူ့မိသားစုက ပြောပါတယ်။
လောင်စာနဲ့ တခြား မရှိမဖြစ် ကုန်စည်တွေ ပြတ်လပ်နေတာကို ဖြေရှင်းဖို့ အရေးပေါ် ချေးငွေ အစီအစဉ် အတွက် ဆွေးနွေးဖို့ သီရိလင်္ကာ အရာရှိတွေနဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။