close

မအူပင်ရဲစခန်းတွင် နတ်ကနားပေးပြီး ရဲတပ်ဖွဲ့ဝင်များကို နတ်ကတော်ထံ အပ်နှံ

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ မြို့မရဲစခန်းမှာ ဧပြီ ၁၉ ရက်ကစတင်ကာ  နတ်ကနားပွဲပြုလုပ် နေတယ်လို့  ရဲတပ်ဖွဲ့အသိုက်အဝန်းကနေ သိရပါတယ်။

နတ်ကနားပွဲကို မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်ကိုယ်တိုင် ဦးဆောင်ပြုလုပ်တာဖြစ်ပြီး သူအပါအဝင် ရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နတ်ကတော်ထံအပ်နှံနေတာလို့ မအူပင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မအူပင်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “သူ့အိမ်မှာ ဟိုတလောက လူသတ်မှုဖြစ်ပြီး သူ့ကိုထိခိုက်မှာ စိုးလို့ ခုလိုမျိုး ပွဲပေးတာလို့လည်းကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုပါ နတ်ကတော်ကိုအပ်တာက နတ်ကိုအပ်ပေးခိုင်းတာ သူယုံကြည်ရာ သူလုပ်တာပေါ့”လို့  ပြောပါတယ်။

ဒုရဲမှူး ညွှန့်လှိုင်နေအိမ်မှာ လူသတ်မှုဖြစ်ခဲ့သလို ကိုယ်ဝန်ဆောင်မိခင်တဦးကို စစ်ဆေးရင်း သေဆုံးအောင် နှိပ်စပ်မိတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သရဲခြောက်ခံရတယ်လို့ မကြာခဏပြောဆိုလေ့ရှိပြီး စိတ် ကယောင်ချောက်ချားဖြစ်နေချိန်မှာ သူယုံကြည်ရာကို ခုလိုပြုလုပ်ပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

နတ်ကနားပွဲပြုလုပ်ချိန်မှာ စခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က ကန်တော့ပွဲပေးပြီးတော့ နေအိမ်မှာလူသတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး မပြောင်းရွှေ့ရအောင် နတ်တွေကို ခွင့်တောင်းခံတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒုရဲမှူး ညွန့်လှိုင်ဟာ ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးငွေတောင်းလေ့ရှိသူ တဦးဖြစ်ပြီး ငွေမပေးတဲ့သူတွေကို ထောင်ချတာမျိုးတွေလည်းရှိကာ သူ့နေအိမ်မှာ လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ပြောင်းရွှေ့ရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့သူလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up