close

ထိုင်းတွင် ပျောက်ဆုံးကြောင်အား ရှာတွေ့ရှိခဲ့သည့် လုံခြုံရေးအစောင့် ဘတ် ၃ သိန်းဆုရ

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဒွန်းမောင်းနယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မဏီးလို့ခေါ်တဲ့ ကြောင်မလေးတကောင် ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး တွေ့တဲ့လူကို ထိုင်းဘတ် ၃ သိန်းဆုချမယ်လို့ ပိုင်ရှင်က ကြေညာခဲ့ပါတယ်။ 

ဆုငွေက အတော်လေးများတာကြောင့် သူတို့ရပ်ကွက်ထဲမှာ ကြောင်လာရှာတဲ့လူတွေနဲ့ စည်ကား ဆူညံနေပြီး အိမ်နီးနားပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဧပြီ ၂၀ ရက်နေ့မှာ ကြောင်ပိုင်ရှင်က ဆုကြေးငွေ ဆိုင်းငံ့လိုက်ပြီး ကြောင်ရှာသူအားလုံးနဲ့ ဘေးပတ်ဝန်းကျင်ကို တောင်းပန်ခဲ့ပါတယ်။ 

ဧပြီ ၂၁ ရက် မနက် ၁ နာရီလောက်မှာတော့ အိမ်ရာလုံခြုံရေးအစောင့်က စက်ဘီးနဲ့ ကင်းလှည့်နေစဉ် အဆိုပါကြောင်ကိုတွေ့လို့ အကြောင်းကြားခဲ့ပါတယ်။ 

သူ့အနေနဲ့ ကြောင်ကိုဝင်ဖမ်းရင် လန့်ပြီးထွက်ပြေးမှာစိုးလို့ တခြားအစောင့်တယောက်ကို စောင့်ကြည့်ခိုင်းထားပြီး သူက ကြောင်ပိုင်ရှင်ဆီ သွားပြောခဲ့တာပါ။ ကြောင်က ဘေးအိမ်ထဲဝင်သွားပြီး ပိုင်ရှင်က ဝမ်းသာအားရသွားရောက်ပွေ့ဖက်ခေါ်ယူခဲ့ပါတယ်။

နာ့ထာ ထနာဖတ်လို့ ခေါ်တဲ့ ကြောင်ပိုင်ရှင်အမျိုးသမီးက သူဟာ အဆိုပါကြောင်ကို ငယ်ငယ်လေး ကတည်းက ပြုစုစောင့်ရှောက်လာတာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ သူ့ကြောင်မှာ ရောဂါအခံလည်းရှိပြီး ဆေးခန်း ပုံမှန်ပြနေရတာကြောင့် ကြောင်ကလေးကို တခြားသူတွေ ကောက်ယူမွေးစားရင် ဆေးမကုရမှာ စိုးရိမ်သလို ခွေးကိုက်သွားသလား၊ မျက်စိလည် လမ်းမှား အားပြတ်ပြီး လဲကျနေသလား စသဖြင့်အမျိုးမျိုးတွေးပူကာ အိပ်မပျော်စားမဝင်သောကရောက်နေကြောင်း၊ ကြောင်ပြန်တွေ့တဲ့အတွက် အရမ်းဝမ်းသာတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

၂၁ ရက်နေ့ တနေ့ကုန် ဖုန်းနဲ့သတင်းမေးလာသူတွေကို လက်ခံစကားပြောနေလို့ ကြောင်တွေ့သူကို ချက်ချင်းဆုမချနိုင်ကြောင်း၊ ညနေပိုင်းမှာတော့ ငွေ ၃ သိန်းပိုက်ပြီး အိမ်ရာလုံခြုံရေးအစောင့်ကို သွားပေးလိုက်တယ်လို့ ဆိုပါတယ်။ 

အစောင့်ဟာ ပထမဆုံးကြောင်တွေ့သူမို့ ပေးထားတဲ့ကတိအတိုင်း ဘတ် ၃ သိန်းဆုချပြီး ဒီမတိုင်ခင် ဝိုင်းဝန်းကူညီရှာဖွေပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ ကြောင်လာရှာပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့အတွက်လည်း အလှူငွေထည့်ပေးမှာဖြစ်ပြီး ကျန်တဲ့ ကြိုးစားပမ်းစားကူညီရှာပေးခဲ့သူတွေကိုလည်း ကျေးဇူးဆပ်ပါမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆုရတဲ့ လုံခြုံရေးအစောင့်မှာ အသက် ၁၈ နှစ်သာရှိတဲ့ နိုင်းပီယဖွန်းဆန် ဆိုသူဖြစ်ပြီး အဲဒီညက ညဂျူတီဖြစ်လို့ စက်ဘီးနဲ့ လှည့်ပတ်တာဝန်ထမ်းဆောင်စဉ် အိမ်ရာဂိတ်ဝင်ပေါက်နားမှာ ကြောင်ကလေးထိုင်နေတာကို  တွေ့တာဖြစ်ကြောင်း၊ သူ့တသက်မှာ ဘတ် ၃ သိန်းမဆိုထားနဲ့ ၊ ဘတ် ၁ သိန်းတောင်မပိုင်ဆိုင်ဖူးလို့ အရမ်းဝမ်းသာကြောင်း၊ မိခင်ရဲ့အမည်မှာလည်း မဏီးဖြစ်ပြီး ပြီးခဲ့တဲ့သင်္ကြန်တုန်းက ကွယ်လွန်သူမိခင်အတွက် အလှူအတန်းလုပ်ပေးခဲ့တာကြောင့် ကုသိုလ်အကျိုးခံစားရတာလို့ ယုံကြည်ကြောင်း သတင်းထောက်တွေကိုပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up