close

ညောင်ပင်ရှည်ရွာကို စစ်တပ်က မီးရှို့၊ ရွာသား ၂ ဦးအားပစ်သတ်ပြီး ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၆ နာရီလောက် ထပ်မံမီးရှို့ခဲ့ပြီး ရွာသား ၂ ဦးအား ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံရွာသား ၁၅ ဦးကိုလည်း လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားကာ မူးသာကျေးရွာ ဘက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ညောင်ပင်ရှည်‌ရွာခံ အမျိုးသမီးတဦးက “ရွာဝင်လာကတည်းက ပစ်ခတ်ဝင်လာတယ်။ သူတို့လာတော့ မူးမြစ်အနောက်ဘက်ကမ်း မြင်းမူမြို့နယ်ဘက် ထွက်လာခဲ့တယ်။ အခုထိ မပြန်ရဲသေးဘူး။ ရွာက အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိမယ်ဗျ။ တရွာလုံး ပြာကျတယ်လို့တော့ ကာကွယ်ရေးအဖွဲ့တွေကတော့ ပြောတယ်။ အဲသတင်းအမှန်ဆိုရင် ကျနော်တို့ ပြန်စရာအိမ်မရှိတော့ဘူး” လို့ ပြောပါတယ်။

ဧပြီ ၂၂ ရက် မနက်ပိုင်းကလည်း ညောင်ပင်ရှည်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ မြင်းခြံ zero‌ ပြောက်ကျားအဖွဲ့ ပူပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ဝ ထက်မနည်းကျဆုံးနိုင်ပြီး မြင်းခြံ zero ပြောက်ကြား အဖွဲ့က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကာ မဟာမိတ်အဖွဲက ၄ ဦး ကျည်ထိ ဒဏ်ရာရခဲ့တယ်လို့ ရဲဘော်တဦးက ပြောပါတယ်။

“တိုက်ပွဲက မနက် ၁၁ နာရီက စတယ်။ ညနေ ၃ နာရီအထိ တိုက်ပွဲက မပြီးသေးဘူး။ စခတွေဘက်က ၃၀ ထက် မနည်း ကျဆုံးနိုင်တယ်။ ကျဆုံးတဲ့ ၃၀ ကျော်တဲ့အထဲ ပျူစောထီးတွေလည်း ပါမယ်။ ကျနော်တို့ ဘက်ကတော့ စတုတ္ထနှစ် ရေးဆင်းစိုက်ပျိုးရေးကျောင်းသားတဦး မူးမြစ်ဖြတ်ကူရင်း ရေနစ်သေခဲ့တာတော့ရှိတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က  လေကြောင်းပစ်ကူနဲ့ လာရောက်ပစ်ခဲ့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့တိုက်ပွဲမှာ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းတိုင်း တပ်ပေါင်းစု၊ မြင်းမူတပ်ပေါင်းစု၊ အရာတော်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျဆုံးသွားတဲ့ အသက် ၂၂ နှစ်အရွယ် ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်‌ကျောင်းသားဟာ zero‌ ပြောက်ကြားတပ်မဟာတပ်ခွဲ ၂ ရဲ့ ခွဲမှူးတာဝန်ယူထားပြီး ကောင်းမွန်းစွာ သင်္ဂြိုဟ်ပေးခဲကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up