ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာများကို လိုက်လံ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်မှာ ဧပြီ ၁၉ ရက် ဒီနေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်တွေက လူနေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အမှတ် ၅ ကွက်သစ် အတွင်းက လူနေအိမ် တလုံးနဲ့ မြေဆီဂိုဒေါင်တိုက်တန်းစျေးက ဈေးရောင်းဈေးဝယ်သူတွေရဲ့ ဆိုင်ကယ် ၁၀ စီးကျော်ကို မီးရှို့ဖျက်ဆီးသွားတာလို့ စိုင်ပြင်မြို့ခံ တယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက မဲအိုးကျေးရွာကိုလည်း ဒီညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဲအိုးဒေသခံရွာသားတစ်ဦးက “မနေ့ကတည်းက စစ်ကြောင်းနှစ်ကြောင်းနဲ့ ခွဲထိုးလာတာဗျ။ ဒီနေ့ကြတော့ အောင်သာကျေးရွာမှာ နှစ်ကြောင်းပေါင်းပြီး အခု ကျနော်တို့ရွာကို မီးရှို့နေတယ်ဗျ။ သူတို့လာပြီဆိုတာနဲ့ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ဘာတွေရှို့နေတယ်တော့ မသိသေးဘူးဗျ။ မီးခိုးတွေကတော့ ရွာထဲကနေ အူနေအောက်ထွက်နေတယ်။ အိမ်တွေမဖြစ်ပါစေနဲ့လိုဆုတောင်းနေရတယ်။” လို့ ပြောပါတယ်။
မဲအိုးကျေးရွာဟာ ဒီပဲယင်းမြို့နဲ့ ၅ မိုင်လောက်ဝေးကွာပြီး အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ကျေးရွာ တရွာဖြစ်ပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်နဲ့ ကျေးရွာတွေကို မီးရှိုဖျက်ဆီးမှုတွေကြောင့် မဲအိုးကျေးရွာ၊ ညောင်လှကျေးရွာ၊ မုခတွင်းကျေးရွာ၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်းစတဲ့ကျေးရွာတွေကနေ ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။