close

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ကေအန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီး(ဝင်းရော်)မြို့နယ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအနီး ဧပြီ ၂၃ ရက် နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ဝင်အင်အား ၆၀ လောက်က ရဲပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ ရဲစခန်းအတွင်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာအတွင်းကိုပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲစခန်းအတွင်းကနေ လက်နက်ကြီး အချက် ၂၀ ကျော်နဲ့ လက်နက်ငယ်တွေပါ ပစ်ခတ်နေတဲ့အတွက် နေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့တဲ့အပြင်  ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာသားတဦးက “လက်နက်ကြီး ပစ်လို့ လင်မယား ၂ ယောက်ထိသွားတယ်။ မိန်းမတော့ သေသွားပြီ။ ယောကျ်ားက ဒဏ်ရာရတယ်။ ကျန် အမျိုးသား ၁ ယောက်ပါထိတယ်။  ရဲစခန်းထဲကို စကစက ရောက်နေတာကြာပြီ။ အခု ဒေသခံတွေကို ကြောက်လန့်အောင်လုပ်နေတယ်” လို့ ပြောပါတယ်။

ဒါအပြင် ရဲစခန်းရှေ့ကနေ ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်တွေကိုပါ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဧပြီ ၂၂ ရက် ညပိုင်းကလည်း ကျေးရွာအတွင်းကို လက်နက်ကြီး ၁ ချက်နဲ့ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၃၁ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာမှာ အခြေချနေတဲ့ ခမရ ၂၀၇ တပ်စခန်း(လွှတ်ရှမ်း)က ဗိုလ်မှူး ဟန်မင်းက ညနေ ၄  နာရီနောက်ပိုင်း တပ်စခန်းရှေ့ကနေ ဖြတ်သန်းသွားလာသူတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ညနေ ၅ နာရီလောက်က ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကွီးလယ်တဲနဲ့ ကွီးလယ်ရွာသစ်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး နဲ့ ဗုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သလို ထီးသဘျူးခီးကျေးရွာကိုပါ ဗုံး ၃ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ေ၊ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် လူ နဲ့ တိရစ္ဆာန်တွေ ထိမှန်သေဆုံးတာ၊ ဒဏ်ရာရရှိတာတွေအပြင် နေအိမ်တွေ ထိမှန်ပျက်ဆီးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းတွေ၊ စားသောက်စရာတွေ၊ တိရိစ္ဆာန်တွေကို အတင်းအဓမ္မယူဆောင်တာတွေနဲ့ လူအခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up