close

ပခုက္ကူတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၂ ဦးသေ၊ ငဖဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အကျအဆုံးများ

မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်မှာ ဧပြီ ၁၉ ရက် မနက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့  ရဲ ၂ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ PKU RANGER ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူ-ရေစကြို ကားလမ်း စက်မှုဇုန်ဘက်မှာ ဒီမနက် ၁၀ နာရီလောက်က ကားမှန်မချဘဲ မောင်းလာတဲ့ အိမ်စီးကားတစ်စီးကို အသံမိုင်းဖောက်ခွဲပြီးသတိပေးရာ အဲဒီနေရာကိုလာရောက်တဲ့ ရဲတွေကို နောက်ချန်မိုင်းတွေ RPG တွေနဲ့ ဖောက်ခွဲပစ်ခတ်တာလို့ PKU RANGERတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို PKU RANGER၊RSO(PKU)၊Young Force UG နဲ့ မြိုင်PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ပြောက်ကျားတပ်တွေဘက်က အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စက်မှုဇုန်ရပ်ကွက်နေ ဒေသခံတစ်ယောက်က“စက်မှုဇုန်ဘက်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေကြားရတယ်ဗျ။ အဲဒီနောက်မှာ ပခုက္ကူ-ရေစကြို လမ်းအတိုင်း “စစ်ကောင်စီ၊တပ်သားတွေနဲ့ ရဲတွေအများကြီးပဲ ကားတွေဆိုင်ကယ်တွေနဲ့ ဖြတ်သွားတာတွေ့ရတယ်။ ပခုက္ကူမြို့ လမ်းဆုံလမ်းခွနေရာတွေကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေပေါင်းပြီး အစစ်ဆေးအရမ်းကြမ်းနေတယ်” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်ကြားက ရခိုင်ရိုးမတောင်ပေါ်မှာလည်း  PRA(မကွေး)နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၈ ရက်ကနေ  ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ PRA(မကွေး)ကဧပြီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အနောက်ရိုးမတောင်ကြောပေါ်မှာ PRA(မကွေး)၊ အရှိုချင်းကာကွယ်ရေးတပ် ACDF တိုပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရကာ လက်နက်တွေနဲ့ ကျည်ဆန်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ PRA(မကွေး)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေသုံးပြီး စခန်းသိမ်းဖို့တက်လာပေမဲ့ ကျနော်တို့ဘက်က နယ်မြေကျွမ်းကျင်မှုကို အသာစီးယူပြီး ​ပြောက်ကျားစနစ်နဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အကျဆုံးများပြီး နောက်ပြန်ဆုတ်သွားတယ်။”

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဘက်က MA15 ၂လက်၊ MA2တစ်လက်၊ MA3 တစ်လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆက်စပ်ကျည် ၁၁၀၀ နဲ့ စစ်ကောင်စီတပ်သား အလောင်းတချို့ တွေ့ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ ပြောက်ကျားတပ်တွေဘက်က ရဲဘော် ၃ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ အသက်န္တရယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

PRA(မကွေး)ကို လာတိုက်တဲ့ ခမရ(၁၀၂)စစ်ကောင်စီစစ်ကြောင်းက အရာရှိတယောက်နဲ့ တခြားအဆင့်တယောက်တို့  ကိုယ့်ကိုယ်ကိုယ်  အဆုံးစီရင်သွားခဲ့ပြီး အရာရှိ ၂ ယောက်လည်း လက်နက်နဲ့ အတူပျောက်ဆုံးနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်က ပြောပါတယ်။

ဒေသတွင်း တိုက်ပွဲတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ငဖြူကြီးရွာသားတယောက်က “စစ်ကောင်စီတပ်တွေက ကျနောတို့  ငဖြူကြီးရွာဘက်ကို ဧပြီလ ၈ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်တာဗျ။ စာသင်ကျောင်းနဲ့ နေအိမ်တချို့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့တယ်။ ကျနော်တို့ရွာက  ဒေသခံပြည်သူတွေလည်း ရွာမှာမနေရဲလို့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်”လို့ ပြောပါတယ်။

ငဖဲမြို့နယ် ရေယာဥ်တောင်ကြောမှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၆ ရက်ကနေ ၈ ရက်အထိ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၂၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up