close

PDF-ဆောက အမျိုးသမီးသင်တန်းသူ ၃၅ ဦးအပါဝင် ၁၀၇ ဦး အခြေခံစစ်ပညာသင်တန်းဆင်း

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ PDF ဆောတပ်ရင်း-၂ က အမျိုးသမီး သင်တန်းသူ ၃၅ ယောက်အပါဝင် သင်တန်းသားသင်တန်းသူ ၁၀၇ ဦးရဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က  လုပ်ခဲ့တယ်လို့ PDF-ဆောကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်နေတဲ့ကြားက အမျိုးသမီးသင်တန်းသူ ၃၅ ယောက်၊ အမျိုးသားသင်တန်းသား ၇၂ ယောက် စုစုပေါင်း ၁၀၇ ယောက်ကို အခြေခံစစ်ပညာ သင်တန်းဆင်းပွဲလုပ်ပေးခဲ့တာလို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

သင်တန်းကာလ ၁၅ ရက် သင်ကြားပေးပြီး အဲဒီသင်တန်းဆင်းပွဲကို ဆောမြို့နယ် မဲဆန္ဒနယ်အမှတ် -၂ က တိုင်းဒေသကြီးလွတ်တော်ကိုစားလှယ် ဦးကျော်မြင့်က သင်တန်းဆင်းအမှာ စကား ပြောကြားခဲ့ပြီး မွမ်းမံသင်တန်းတွေလည်း ဆက်လက်ပို့ချသွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ အမျိုးသမီးတွေ ပါဝင်လာကြတာဟာ ယခင်ကလိုမျိုး စည်းရုံးစရာ မလိုတော့ဘဲ လွယ်လွယ်ကူကူလက်ခံပြီး တော်လှန်ရေးစိတ်ဓာတ် အပြည့်နဲ့ ပါဝင်လာကြတာလို့ ပြောပါတယ်။

အမျိုးသမီး PDF ရဲဘော်တွေအနေနဲ့ တပ်ရင်းကိစ္စ၊ ရုံးကိစ္စတွေမှာ တာဝန်ယူကြသလို ရှေ့တန်းထွက်မယ့် အမျိုးသားတပ်ဖွဲ့ဝင်တွေအတွက် နောက်ကနေ ထောက်ပံ့တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးတဲ့အပြင် ကိုယ်တိုင် တိုက်ပွဲဝင်နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝင်ရောက်လာ ကြတာလို့ အမျိုးသမီး PDF ရဲဘော်တယောက်က ဆိုပါတယ်။

ပြည်သူလူထုနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေကြားထဲမှာ နဂိုကထက် ရင်းနှီးမှုပိုရှိလာပြီး ပြည်သူ့တော်လှန်ရေး ပိုပြီးအင်အားကောင်းလာသလို ကျေးရွာတော်တော်များများမှာလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံနေရတဲ့ကြားက ကာကွယ်ရေးတပ်ဖွဲ့တွေကို အားကိုး ထောက်ခံကြတာကြောင့် တော်လှန်ရေးအတွက် ခွန်အားဖြစ်စေတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သင်တန်းဆင်း ရဲဘော်တွေ များပြာလာပြီး အင်အားတည်ဆောက်နိုင်ပေမယ့် လက်နက်ခဲယမ်း တပ်ဆင်မှုအပိုင်းမှာ အခက်ခဲတွေရှိနေတယ်ဗျ။ ဒေသထုတ် လက်နက်ကြီး တူမီးတွေနဲ့ ဖြစ်သလိုတိုက်ပွဲ ဝင်နေကြရပြီး ဒေသထုတ် လက်နက်ကြီးကလည်း မတော်တဆဖြစ်ပွားတာ မကြာခဏ ကြုံနေရလို့ PDF ရဲဘော်တွေ အသက်ပေးလိုက်ရတာတွေ ကြုံတွေ့နေရတယ်။” 

လက်နက်ခဲယမ်းတွေ ဝယ်ယူရတာမလွယ်ကူသလို စျေးနှုန်းကလည်း အဆမတန်မြင့်တက်တာ ကြောင့် တိုက်ပွဲတပွဲ ဆင်နွှဲပြီးရင် နောက်တပွဲ ထပ်တိုက်နိုင်ဖို့ အခက်ခဲတွေကြုံကြရတယ်လို့ ဆိုပါတယ်။

ယခင်က ယမ်း တစ်ပိဿာကို ၃၅၀၀ ကျပ်လောက်သာ ကုန်ကျပေမယ့် ယခု ယမ်း တစ်ပိဿာကို ၃၅၀၀၀ ကျပ်လောက်ထိ ပေးဝယ်နေရတာကြောင့် ၁၀ ဆလောက်စျေးနှုန်းမြင့်တက်သွားတယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နိုင်ငံအနှံအပြားမှာ စစ်ကောင်စီကို တိုက်ခိုက်မယ့် တော်လှန်ရေးရဲဘော်တွေ အဆင်သင့်ရှိနေတ့ အတွက် သက်ဆိုင်ရာအဖွဲ့စည်းတွေအနေနဲ့ လက်နက်ကို အမြန်ဆုံး တပ်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up